#အညတရ နှလုံးသားပုံရိပ်များ..
*************************
စစ်သည်ဘဝ ၊ မြတ်နိုးလှ၍
တက်ကြွပျော်ရွှင် ၊ ငယ်နုစဉ်က
စစ်တွင်မွှေ့လျှော် ၊ စစ်၌ပျော်သည်
ကျွန်တော်အညတရ စစ်သားတည်း.......
စစ်သားပီပီ ၊ စစ်မြေဆီ၌
ကြုံသည့်ဘဝ ၊ မျိုးစုံလှ၏
တက်ရမပန်း ၊ လှမ်းရမငြီး
ဆီးကမဖြုံ ၊ ဆင်းတုံမမော
တစ်တောမှထွက် ၊ တစ်တောင်ဆက်ခဲ့
အထက်ဌာန ၊ ညွှန်သမျှကို
မုချအမှန် ၊ အမိန့်နာခံသည်
ဓိဋ္ဌန်လေးချက် အသက်တည်း.......
တစ်ခါတစ်ခါ ၊ ရိက္ခာစားနပ်
ပြတ်လပ် လေလျှင် ၊ ကျောက်ချဉ်ပေါင်ဟင်း
ဂဲ(ခဲ) ထမင်း ကို ၊ သွင်သွင်မျိုချ
ဝမ်းဖြည့်ရသည့်
ကာလများစွာ ကြုံဖူးသည်.......
တစ်ခါတစ်ခါ ၊ ရှေ့တန်းကြာညောင်း
နှစ်ချီပြောင်းသော်
ဘောင်းဘီဒူးကွဲ ၊ အင်္ကျီပြဲလျှက်
ဆောင်းဆဲ ဦးထုပ် ၊ ချုပ်ရိုးပြုတ်သို့
အစုတ်စုတ်ဖာ ၊ ဝတ်ရပါသည့်
ကာလများစွာ ကြုံဖူးသည်....
တစ်ခါတစ်ခါ ၊ ဆေးလိပ်ဆာသော်
ရရာထူပါး ၊ စက္ကူကြား၌
သစ်ရွက်များကြိတ် ၊ ဆေးလိပ်ပုံသွန်း
ပွတ်ချွန်တစ်ဖွာ ၊ လွမ်းစရာကို
ရှိုက်ကာရှူကြ ၊ အတူမျှသည့်
ကာလများစွာ ကြုံဖူးသည် .....
သြော် ...နှစ်ပေါင်းများစွာ ၊ ကြာခဲ့ပါပြီ
တောင်ပြာတောကြား ၊ စစ်သည်များနှင့်
လှုပ်ရှားခဲ့ကြ ၊ မေ့မရတည့်
မဝတဝ ၊ စားပါရလည်း
မလှမပ ၊ ဝတ်ပါရလည်း
လုံးဝတို့ရင် ၊ မနာကျင်ပါ
တို့လျှင်သယ်ပိုး ၊ ပြည့်အကျိုးတည့်
အမျိုးချစ်စိတ် ၊ ပြည်ချစ်စိတ်က
ပြည့်သိပ်နွေးထွေး ၊ အားသစ်ပေးသည်
စစ်သွေးသစ္စာ ၊ မှန်လှ၏
ရံခါတို့များ ၊ တောတောင်ကြားဝယ်
စောင်ကျားလေးပတ် ၊ ညစ်ထပ်ထပ်နှင့်
ပလတ်စတစ်စလေး ၊ လွှမ်းခြုံပေးကာ
အလေးပြုရ ၊ ခွဲခွာရသည့်
ဘဝတူများ ၊ သူတို့အားလျှင်
လွမ်းငြားမျက်ရည် ၊ ကျမည်ရမည်ဆို
မျက်ရည်ချောင်းမြစ် ၊ ပင်လယ်ဖြစ်လိမ့်
ချစ်သောအမိမြေ ၊ အဓွန့်ရှည်ဖို့
မိုးမြေညွှတ်မျှ ၊ စွန့်လွှတ်ကြသည့်
အညတရ နှလုံးသား ၊ ပုံရိပ်များလျှင်
ထင်ရှားလှစွာ ၊ ရှိခဲ့ပါ၏
"တစ်ခါက စစ်သား " ၊ " ထာဝရစစ်သား "
" အချစ်များ မအို ၊ စစ်သားအို" ၏
ညွှန်းဆိုဖွဲ့ရေး ၊ ကဗျာတေးဖြင့်
လေးမြတ် ဂုဏ်ပြုလိုက်ပါသည်တကား ။ ။
#အညတရသူရဲကောင်း စစ်သည်များအား
လေးစားဦးညွှတ်လျှက် ......
Credit.Org Uploader
0 comments:
Post a Comment