
ငြိမ်းချမ်းစွာနေထိုင်ရခြင်း၏ အနှစ်သာရကို သိရှိနားလည်လာကြသဖြင့် ဥပဒေ ဘောင်အတွင်း ၀င်ရောက်လာကြသည့် KIA နှင့် TNLA အဖွဲ့ဝင်များ၏ အဆက်အသွယ်ဖြင့် မူဆယ်မြို့နယ်၌ KIA အဖွဲ့ဝင် ၂ ဦး ခဲယမ်းများနှင့်အတူ ထပ်မံဝင်ရောက်
နေပြည်တော်၊ ဧပြီ - ၂၉
တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကြေညာထားသည့်ကာလအတွင်း ငြိမ်းချမ်းစွာနေထိုင်ရခြင်း၏ အနှစ်သာရကို သိရှိနားလည်လာကြသဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီ ၂၇ ရက်နံနက်ပိုင်းတွင် KIA အဖွဲ့ဝင် ၄ ဦးနှင့် TNLA အဖွဲ့ဝင် ၇ ဦး လက်နက်မျိုးစုံ ၉ လက်၊ ခဲယမ်းဆက်စပ်ပစ္စည်းများနှင့်အတူ ဥပဒေဘောင်အတွင်း ၀င်ရောက်လာခဲ့ကြောင်း ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါဥပဒေဘောင်အတွင်း ၀င်ရောက်လာခဲ့ကြသူများ၏ အဆက်အသွယ်ဖြင့် ဧပြီ ၂၇ ရက် ည ၁၀ နာရီခန့်တွင် KIA အဖွဲ့မှ ဆေးမှူးဗိုလ်ကြီးအဆင့်ရှိသူအပါအ၀င် အဖွဲ့ဝင် ၂ ဦး လက်ပစ်ဗုံး ၃ လုံးနှင့်အတူ မူဆယ်မြို့နယ်ရှိ တပ်မတော် လုံခြုံရေးစခန်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြသည်။
တရားဥပဒေဘောင်အတွင်းဝင်ရောက်လာကြသူများ၏ ပြောပြချက်များအရ ၎င်းတို့၏ အဖွဲ့အစည်းများအတွင်း လက်နက် စွဲကိုင်ပြီး လိုရာတောင်းဆိုခြင်းဖြင့် အကျိုးမရှိနိုင်ခြင်းကို သိရှိလာကြသဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အမှန် တကယ် ဆန္ဒရှိသူများနှင့် ဥပဒေဘောင်အတွင်း အေးချမ်းစွာနေထိုင်လိုကြသူများ ထပ်မံရှိနေသေးကြောင်း သိရှိရပြီး ထပ်မံဝင်ရောက်လာကြသည့် KIA အဖွဲ့ဝင် ၂ ဦးကိုလည်း တပ်မတော်မှ နွေးထွေးစွာ ကြိုဆိုခဲ့ကြကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment