ကော့သောင်းမြို့အနီးရှိ မြန်မာ့ ပင်လယ်ပြင်အတွင်း ငွေကျပ် ၃၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဧပြီ - ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အနီး၌ မြန်မာ့ပင်လယ်ပြင်လုံခြုံရေး တာဝန်ထမ်းဆောင်လျက် ရှိသော တပ်မတော်ရေမှ စစ်ရေယာဉ်တစ်စီးသည် ဧပြီ ၂၆ ရက် နံနက်ပိုင်းတွင် ကော့သောင်းမြို့၏ အနောက် ဘက် ရေမိုင် ၁၈၆ မိုင်ခန့်အကွာ၌ မသင်္ကာဖွယ်ရာ စက်လှေတစ်စီးအားတွေ့ရှိသဖြင့် စစ်ဆေးရန် အချက်ပြ ခေါ်ယူခဲ့ရာ လာရောက်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့သည်။
အဆိုပါဖမ်းဆီးရမိ အောင်ပြည်စုံ-၁ အမည်ရှိ စက်ရေယာဉ်မှာ အလျား ၇၀ ပေ၊ အနံ ၁၄ ပေ၊ ရေစူး ၇ ပေခန့်ရှိပြီး စက်ရေယာဉ်ပေါ်မှ Refined Chinese Tea စာတန်းပါ အစိမ်းနုရောင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားသော ICE အမျိုးအစား စိတ်ကြွရူးသွပ်ဆေး အဖြူရောင်ဘလောက်တုံး ၁၂၃၈ ထုပ်(ကာလတန်ဖိုး ငွေကျပ် ၃၀ ဘီလီယံကျော်) နှင့်အတူ ဝေလင်း(ဘ) ဦးစောနိုင် အပါအ၀င် အမျိုးသား ၇ ဦးတို့အား ဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးဝါးများအား ကော့သောင်းမြို့နယ်၊ မြို့မရဲစခန်းနှင့် မူးယစ်တပ်ဖွဲ့စုသို့ တရားဥပဒေအရအရေးယူနိုင်ရေး ဆက်လက်လွှဲပြောင်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment