MNDAA အဖွဲ့ဝင်တစ်ဦး ဥပဒေဘောင်အတွင်းဝင်ရောက်
နေပြည်တော် ၊ ဧပြီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့၌ နယ်မြေခံလုံခြုံရေးရဲတပ်ဖွဲ့ခွဲမှတစ်ဆင့် တပ်မတော်လုံခြုံရေးစစ်ကြောင်းထံသို့ ဧပြီ ၂၂ ရက်တွင် MNDAA အဖွဲ့မှ လောက်ကိုင်မြို့နယ်၊ တာရွှေထန်ကျေးရွာနေ တွမ်းရင်ခန်း(ခ)တွမ်းလောက်ခန်း၊ ၃၅ နှစ် (ဘ) ဦးတွမ်ကြာစွိ ဆိုသူသည် လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြောင်းသိရှိရသည်။
ကနဦးစစ်ဆေးမေးမြန်းချက်များအရ တွမ်းရင်ခန်းသည် ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်ညပိုင်းတွင် နန်ကော်ကျေးရွာ၌ MNDAA အဖွဲ့၏ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း ခံခဲ့ရကာ MNDAA အဖွဲ့သို့ ရောက်ရှိပြီးနောက်ပိုင်း ၄င်းအဖွဲ့၏ ရပ်တည်ချက်၊ ခံယူချက်နှင့် လုပ်ဆောင်ချက်အမှားများကို သိရှိနားလည်လာခြင်း၊ ရှေ့ဆက်ပြီး ဘဝကိုတည်ငြိမ် အေးချမ်းစွာ ဖြတ်သန်းနေထိုင်လိုခြင်း၊ ဥပဒေဘောင်အတွင်း နေထိုင်ခြင်းအားဖြင့် ဘဝအာမခံချက်ရရှိနိုင်ခြင်းတို့ကြောင့် ယခုကဲ့သို့ အမ်(၂၂) ၂ လက်၊ ၄င်းကျည် ၁ဝဝ တောင့်၊ ကျည်အိမ် ၃ ခု၊ အမ်(၁၆) ၁ လက်၊ ၄င်းကျည် ၁ဝ တောင့်၊ ကျည်အိမ် ၁ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ချပ်ဝတ်တန်ဆာ ၃ စုံတို့နှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါဥပဒေဘောင်အတွင်း ဝင်ရောက်လာသူအား ၄င်း၏ ဆန္ဒအတိုင်း တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment