ရခိုင်ပြည်နယ်အတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး မကြာမီမှာပင် AA အဖွဲ့အမည် အသုံးပြု၍ Eleven Media Group ကို မိုင်းခွဲတိုက်ခိုက်မည်ဟု ခြိမ်းခြောက်

ရခိုင်ပြည်နယ်အတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး မကြာမီမှာပင် AA အဖွဲ့အမည် အသုံးပြု၍ Eleven Media Group ကို မိုင်းခွဲတိုက်ခိုက်မည်ဟု ခြိမ်းခြောက်စာများ ပေးပို့လာကြောင်း သိရသည်။
ခြိမ်းခြောက်စာများမှာ ဧပြီ ၁ ရက် ညပိုင်းတွင် နှစ်ကြိမ်ပေးပို့ခဲ့ပြီး ဧပြီ ၂ ရက်နံနက် ၁၁ နာရီခန့်တွင် တစ်ကြိမ် ပေးပို့လာခြင်းဖြစ်သည်။
ဧပြီ ၁ ရက် ညပိုင်းတွင် ပေးပို့လာသည့်စာ၌ “ရခိုင့်တပ်မတော်က အကြမ်းဖက်သောင်းကျန်းသူ မဟုတ်။ အဖနိုင်ငံတော်ကြီးအတွက် တော်လှန်ရေး ဆောင်ရွက်နေသော ရခိုင့်တပ်မတော်ဖြစ်သည်။ ငါတို့ ရခိုင့်တပ်မတော်က ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားတွေကို ကာကွယ် စောင့်ရှောက်နေတဲ့ တပ်မတော်ဖြစ်တယ်။ သတင်းဌာနများအနေနဲ့ ရခိုင်ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အထင်မြင်လွဲမှားအောင် ရခိုင့်တပ်မတော်(AA) နဲ့ပတ်သက်ပြီး မဟုတ်မမှန် ဖော်ပြမှုများအား ရပ်တန်းကရပ်ပါ။ မရပ်လျှင် သတင်းဌာန အနေဖြင့် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည်။ သတင်းစာတိုက်နဲ့ သတင်းထောက်တွေအတွက် AA အနေနဲ့ အာမခံမည်မဟုတ်။ ငါတို့ပြောစကားကို မနာခံဘဲ AA မကောင်းကြောင်း တစ်စုံတစ်ခုပါတာနဲ့ မင်းတို့သတင်းစာတိုက်ကို မိုင်းခွဲတိုက်ခိုက်သွား မယ်ဆိုတာကို နောက်ဆုံးအနေနဲ့ သတိပေးလိုက်တယ်” ဟု ရေးသားဖော်ပြထားသည်။
ဧပြီ ၂ ရက် နံနက် ၁၁ နာရီတွင် ပေးပို့ထားသည့်စာ၌ “သတင်းလာယူဖို့ ရက္ခိုင့်တပ်မတော်က မီဒီယာတွေကို ဖိတ်ထားရေ…ဒါပေမယ့် သတင်းလာယူမယ့် မီဒီယာတွေနဲ့ သတင်းထောက်တွေကို အထူးသတိပေးစရာရှိရေ။ ဗမာစစ်တပ်ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ သတင်းရေးတာ ရေးချင်သလို ရေးနိုင်ရေ။ ရက္ခိုင့်တပ်မတော်အကြောင်း မကောင်းရှာရေးတာတွေ့ရင် ရက္ခိုင့်မြေက အသက်ပါလျက် ပြန်မထွက်ရဘူး မှတ်ပါလို့ သတိပီးချင်ရေ” ဟု ရေးသားဖော်ပြထားသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင် မြို့နယ်များ၌ ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်အပြီးတွင် ယင်းသို့ ခြိမ်းခြောက်စာပေးပို့လာ ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရဲကင်းအချို့အား AA အဖွဲ့က ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် အရုဏ်တက်ချိန်တွင် ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၂၄ ရက်အထိ တပ်မတော်နှင့် AA အဖွဲ့ တိုက်ပွဲ ၉၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ယခင်နှစ်တစ်နှစ်လုံး ဖြစ်ပွားခဲ့သော တိုက်ပွဲအရေအတွက်ထက် ပိုမိုမြင့်မားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
AA အဖွဲ့အား တပ်မတော်က အကြမ်းဖက်သောင်းကျန်းသူဟု သုံးနှုန်းသတ်မှတ်ထားပြီး ယင်းသို့ သတ်မှတ်ရခြင်းမှာ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် ရဲစခန်းများ၊ အုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်တွင် ပါဝင်သူများကို သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်းစသည့် လုပ်ရပ်များကြောင့် ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားထားသည်။
AA အဖွဲ့က ရဲစခန်းများကို ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီးနောက် တပ်မတော်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့်အချိန်တွင် ဖေဖော်ဝါရီလအတွင်းက ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံစဉ် AA ဒုတိယအကြီးအကဲဖြစ်သူ ညိုထွန်းအောင်က ရခိုင်ပြည်သူလူထုအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံလာနိုင်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများ လုပ်ဆောင်မည်ဆိုပါက မျက်လုံးတစ်လုံး အတွက် မျက်လုံးတစ်လုံး ပေးဆပ်ရမည် ဖြစ်ကြောင်း ပြောကြားထားပြီး တိုက်ပွဲများ ရခိုင်ပြည်နယ်ကို ကျော်လွန်၍ ကျယ်ပြန့်လာမည်ဟု သတိပေးစကားပြောကြားထားသည်။ ထို့ပြင် AA အနေဖြင့် မည်သည့်အခြေအနေမျိုးမှာပင်မဆို ၄င်းတို့၏ အန္တိမရည်မှန်းချက်ကို ဘယ်တော့မှ စွန့်လွှတ်မည် မဟုတ်ကြောင်း ၄င်းကပြောကြားထားပြန်သည်။
ယခုကဲ့သို့ Eleven Media Group ကို ခြိမ်းခြောက်လာမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် အာဏာပိုင်အဖွဲ့အစည်းအသီးသီးသို့ တင်ပြတိုင်ကြားမှုများ ပြုလုပ်လျက်ရှိသည်။ ထိုသို့ မိုင်းခွဲ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်စာပေးပို့မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့သတင်းစာများနှင့်ထုတ်ဝေသူများ အစည်းအရုံး (WAN-IFRA)၊ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ)၊ အာရှ သတင်းကွန်ရက် (ANN)၊ နယ်စည်းမထားသတင်းထောက်များအဖွဲ့ (RSF) စသော အဖွဲ့များသို့ အသိပေးတင်ပြသွားမည် ဖြစ်သည်။
ယခုလုပ်ရပ်တွင် AA အဖွဲ့အမည်သုံး၍ ခြိမ်းခြောက်မှုမှာ ရခိုင်ပြည်နယ်တွင်သာမက ရန်ကုန်မြို့ပေါ်အထိပါ ပျံ့နှံ့လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။ ယင်းသို့ ခြိမ်းခြောက်မှုများကြောင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအသီးသီးအနေဖြင့် ပဋိပက္ခနှင့် တိုက်ပွဲများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်တွင်သာမက ရန်ကုန်မြို့ အပါအဝင် အခြားသော ပြည်နယ်နှင့်တိုင်းအသီးသီးတွင် AA နှင့် ပတ်သက်ပြီး ဆက်နွှယ်မှုများ၊ အကြမ်းဖက်လုပ်ရက်များ မဖြစ်ပေါ်စေရေးနှင့် ပြည်သူများ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးအစီအမံများ တိုးမြှင့်လုပ်ဆောင်ရန်လည်း လိုအပ်မည် ဖြစ်သည်။
ယင်းသို့ မီဒီယာတိုက်တစ်ခုအား ခြိမ်းခြောက်စာ ပေးပို့လာခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်များ၏ နှစ်ပေါင်း ၇၀ ကျော်သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး AA အမည်အသုံးပြု၍ ယင်းသို့ မိုင်းခွဲ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခြင်းမှာ အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မတူသည့် လုပ်ဆောင်ချက်ပင် ဖြစ်သည်။
Eleven Media Group
0 comments:
Post a Comment