Monday, October 26, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လေရှီးမြို့၊ လဟယ်မြို့နှင့် ခန္တီးမြို့တို့ရှိ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ့ဆေးရုံများအတွက် (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လေရှီးမြို့၊ လဟယ်မြို့နှင့် ခန္တီးမြို့တို့ရှိ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ့ဆေးရုံများအတွက် (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်


နေပြည်တော်၊ အောက်တိုဘာ - ၂၆


     မိမိတို့ နိုင်ငံအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကိုဖန်တီးနိုင်ရန် ပညာတတ် မျိုးဆက်သစ်လူငယ်များ လိုအပ်မည်ဖြစ်သည့်အပြင် စည်းကမ်းစနစ်တကျရှိသည့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်ရေးအတွက်

အတွေးအခေါ်မြင့်မားသည့် ပညာတတ်များ လိုအပ်သောကြောင့် ပညာရေးကိုအားပေးကြစေလိုကြောင်း၊ မိမိဒေသအကျိုးကို မိမိဒေသတွင် နေထိုင်သူများကသာလျင်အဓိကဖော်ဆောင်နိုင်မည်၊ ဖော်ဆောင်ကြရမည် ဖြစ်သည့်အတွက် ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ လဟယ်မြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တို့ရှိ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်ဆိုင်ရာမြို့များရှိ ရိပ်သာများ၌ သီးခြားစီတွေ့ဆုံ၍ (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများပေးအပ်စဉ် ထည့်သွင်းပြောကြားသည်။
    အဆိုပါ တွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့်ဇနီး၊ လေရှီးမြို့၊ လဟယ်မြို့နှင့် ခန္တီးမြို့တို့ရှိ  မြို့မိမြို့ဖများ၊ ဋ္ဌာနဆိုင်ရာဝန်ထမ်းများနှင့် နယ်မြေခံတပ်မတော်သားများ တက်ရောက်ကြသည်။
    ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တွေ့ဆုံပွဲများ ပြုလုပ် မည့် လေရှီးမြို့ရိပ်သာ၊ လဟယ်မြို့ ဆာရာမေရိရိပ်သာနှင့် ခန္တီးမြို့ နန်စီဘွန်ရိပ်သာ တို့သို့ရောက်ရှိကြရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဌ ဦးကေဆိုင်း၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် နယ်မြေခံတပ်မတော်သားများက ကြိုဆို နှုတ်ဆက်ကြသည်။
    ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများပေးအပ်ရခြင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့သို့ ပထမဆုံးအကြိမ်အဖြစ်လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး  လေရှီးမြို့သည် အမြင့်ပေ ၄၄၀၀ ကျော်၊ လူဦးရေ ၁၈၀၀၀ ကျော်သာရှိသည်ဟု သိရှိ ရပါကြောင်း၊ အိန္ဒိယနိုင်ငံနယ်စပ်ဖြစ်သဖြင့်လည်း လေရှီးမြို့ကို ယခင်ကတည်းက စိတ်ဝင် စားမှုရှိခဲ့ကြောင်း၊ မိမိအနေဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်စဉ် ချင်းတွင်းမြစ်အနီးနာဂရွာတစ်ရွာသို့ ရောက်ရှိခဲ့ကြောင်း၊ ထိုရွာ တွင် ကုန်းမြင့်လယ်ယာစနစ်ကို စနစ်တကျအောင်မြင်စွာဆောင်ရွက်လျက်ရှိသည်တွေ့ ရှိရပြီး အိန္ဒိယနိုင်ငံဘက်မှ သင်ယူလာသည့် နည်းပညာဟု သိရှိရပါကြောင်း၊ လေရှီးဒေသ တွင် ဆန်ကို ပြင်ပမှ ဝယ်ယူစားသုံးရခြင်းမရှိဟု သိရှိရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ ပြင်ပမှ ဝယ်ယူစားသုံးပါက သယ်ယူပို့ဆောင်စရိတ်များ အလွန်များပြားစွာ ကုန်ကျမည် ဖြစ်ကြောင်း၊ လေရှီးမြို့သည် မြို့ငယ်တစ်မြို့ဆိုသော်လည်း မြို့အင်္ဂါရပ်များ ထိုက်သင့်သ လောက် ရှိသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းသာမိပါကြောင်း။ 


    နာဂဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သဖြင့် ကိုယ့်ဒေသ၊ ကိုယ့်တိုင်းရင်း သားများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်း ဒေသကြီးတစ်ခုနှင့်တစ်ခု၊ ဒေသတစ်ခုနှင့်တစ်ခု ကွာခြားချက် ကျဉ်းမြောင်းအောင် ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသအလိုက်အစိုးရအဖွဲ့များက ဆောင်ရွက်သကဲ့သို့ ဒေသခံ များကလည်း မိမိဒေသတိုးတက်ရေးအတွက် မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်ကြရန် လိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း ဒေသအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ထိုသို့ ကြိုးစားအားထုတ်ရာတွင် အသိပညာအတတ်ပညာပြည့်စုံသည့် ပညာတတ်များပါဝင်ပါက ပိုမိုခရီးရောက်နိုင်မည်ဖြစ်သည့်အတွက် ပညာရေးကို ယခု ထက်ပိုမို အားပေးကြစေလိုကြောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် တက္ကသိုလ် ဝင်တန်း အောင်ချက်ရာခိုင်နှုန်း နည်းပါးနေသည်ကို တွေ့ရှိရကြောင်း၊ ကျောင်းနေသူ ဦးရေသည်  မူလတန်းအဆင့်တွင် များပြားသော်လည်း တန်းစဉ်ကူးပြောင်းမှုတွင် ကျောင်း နေသူဦးရေ တစ်ဖြည်းဖြည်းလျော့နည်းလာခဲ့ပြီး သူငယ်တန်းတက်ရောက်သူလူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သာ တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိအောင်မြင်နေသည်ကို တွေ့ရှိရ ကြောင်း၊ မိမိ တို့နိုင်ငံအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကိုဖန်တီးနိုင်ရန်အတွက် ပညာတတ် မျိုးဆက်သစ်လူငယ်များ လိုအပ်မည်ဖြစ်သည့်အပြင် စည်းကမ်းစနစ်တကျ ရှိသည့် ဒီမိုကရေစီကို သွားနိုင်ရေးအတွက် အတွေးအခေါ်မြင့်မားသည့် ပညာတတ် များလိုအပ်သောကြောင့်  ပညာရေးကိုအားပေးကြစေလိုကြောင်း။
    ဆက်လက်ပြီး ကျန်းမာမှသာလျင် ပညာသင်ကြားနိုင်မည်ဖြစ်သည့်အတွက် (COVID-19) ရောဂါသာမက အခြားရောဂါများလည်း ကင်းစင်အောင် ကျန်းမာရေးကို အထူးအလေးထားထားဂရုစိုက်ရန်လိုအပ်ကြောင်းနှင့် တပ်မတော်အနေဖြင့် နာဂဒေသအပါအဝင်ဝေးလံခေါင်ဖျားဒေသများရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေး အား စောင့်ရှောက်ပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားရာတွင်-
    "ကျန်းမာရေးနဲ့ပတ်သက်ရင်လည်း ကျွန်တော် ၂၀၁၅ ခုနှစ်၊ နာဂနှစ်သစ်ကူးပွဲ ကို ကျွန်တော် လဟယ် လာပါတယ်။ လာတဲ့အခါကျတော့ ။ သမ္မတဦးသိန်းစိန်နဲ့ ကျွန် တော်တို့လာကြတုန်းက။ ဦးစီးအဖွဲ့ဥက္ကဌဖြစ်တဲ့ ဦးရိုစံကျူး ကနေပြီးတော့ ဆရာဝန်တွေ အခက်အခဲရှိနေတာကို သူက တင်ပြပါတယ်။ တင်ပြတော့ ကျွန်တော်က နားထောင် တယ်။ ကျွန်တော်လည်း ဧည့်သည်အနေနဲ့ပါတာကိုး။ သူမပြောခင်ကတည်းက ကျွန်တော်က စာအုပ်ဖတ်ကြည့်တဲ့အချိန်မှာ ဆရာဝန်လိုအပ်ချက်တွေ အများကြီး ကျွန်တော်က သွားတွေ့တယ်။ တင်ပြတဲ့အချိန် အဲဒီတုန်းက ပြောရလို့ရှိရင် အဲ့ဒီတုန်းက စစ်ကိုင်းတိုင်း ဒေသကြီးကလည်း ပေးဖို့အတွက် အခက်အခဲရှိတယ်။ ကျန်းမာရေးဝန်ကြီးလည်း ပါတယ်။ သူတို့လည်း အခက်အခဲရှိတော့ မျိုးစုံ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလုပ်ရင် ကောင်းမလဲပေါ့။ ဒါနဲ့ ကျွန်တော်ကပြောတယ်။ ကျွန်တော်တို့ တပ်မတော်ကနေပြီး တော့ ပေးမယ်လို့ ။ အဲ့ဒီအတွက်ကို ။ တပ်မတော်ကပေးမယ်။ နာဂဒေသအတွက်။ ကျွန်တော်ကိုယ်တိုင်လည်း ဟုမ္မလင်းမှာနေခဲ့တော့ ကျွန်တော်က ဒီဒေသခံဆိုတော့ ကျွန် တော်က သိတာပေါ့။ သူတို့ တော်တော်ဝမ်းသာအားရနဲ့ဖြစ်သွားတယ်။ တောင်းတုန်း ကတော့ နာဂဒေသအတွက်တောင်းတာ။ အဲ့မှာ ဆရာဝန်တွေ Voluanteer  ကောက်တဲ့ အချိန်မှာ လူပေါင်း ၈၀ ကျော်လောက် တပ်မတော်ဆရာဝန်တွေ စာရင်းပေးပါတယ်။ အဲ့ဒီအထဲကနေ ၄၄ ယောက် လွှတ်ပေးလိုက်တယ်။ နာဂမှာတော့ ၈ ယောက်။ ကျန်တာ ကတော့ ချင်းပြည်နယ်။ ချင်းပြည်နယ်မှာလည်း တော်တော်ကို သွားရေး လာရေး ခက်ခဲ တဲ့နေရာတွေ ရှိတယ်။ ဟိုးဘက် နန်းယွန်းကနေစပြီး နန်းယွန်း၊ ဒုံဟီး၊ လဟယ် ပြီးရင် ရမ်းကြုံးတို့ ရှိမှာပေါ့။  လေရှီးမှာ ဆရာဝန်ဘယ်နှစ်ယောက်ရှိလဲမေးတယ်။ ၂ ယောက် ရှိတယ်။ တစ်ချို့နေရာတွေ ဆိုလို့ရှိရင် သူနာပြုနဲ့နေရတဲ့နေရာတွေရှိတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ တပ်မတော်က ဆရာဝန်တွေ လွှတ်တာ အခုဆိုရင် တတိယ အသုတ် ဖြစ်သွားပြီ၊ လေးနှစ်ကျော် ငါးနှစ်ထဲလောက် ရောက်သွားပြီ။ ဒါ ခင်ဗျားတို့ ကျန်းမာရေး အတွက်ပဲ။ ပြီးရင် ကျန်းမာမှပဲ ပညာသင်ကြားနိုင်မယ်။ ကျန်းမာမှပဲ အလုပ် လုပ်နိုင်မယ် ဖြစ်တဲ့အတွက်ကြောင့် ကျန်းမာအောင် ကျွန်တော်တို့ တပ်မတော်က ဝိုင်း ကူပေးတာ။ ဒါမှပဲ ကိုယ့်ဒေသကို ဖွံ့ဖြိုးရေးအတွက်ကို လုပ်နိုင်မှာ။ ကျွန်တော်တို့က ကူညီပေးတာ ပဲရှိတယ်။ တစ်ကယ်လုပ်ရမှာက ဒေသခံကလုပ်ရမှာ ဖြစ်တယ်။ အဲ့ဒီအတွက် ကျွန်တော် တို့ လုပ်ပေးနိုင်တာရှိရင် လုပ်ပေးမယ်လို့ ကျွန်တော်ပြောလိုပါတယ်။ သို့သော် လည်းပဲ ပြည့်စုံတယ်လို့တော့ မဟုတ်ပါဘူး။ ပြည့်စုံအောင် လုပ်ဖို့ဆိုတာကလည်း တော် တော်ကို ရုန်းရကန်ရမှာဖြစ်ပါတယ်။"
    ထို့နောက် မကြာမီတွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ အနှစ်သာရပင်ဖြစ်ကြောင်း၊ ရွေးချယ်လိုက်သည့်သူများ သည် ပြည်သူလူထုကို ကိုယ်စားပြုမည့်သူများဖြစ်သည့်အတွက် ဒေသနှင့် တိုင်းပြည် အကျိုးကို ဖော်ဆောင်ပေးမည့်သူများကို ရွေးချယ်ကြရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိ တို့နိုင်ငံတွင် ဒေသနှင့် တိုင်းရင်းသားအရေးကို အခြေခံသည့် ပါတီနှင့် နိုင်ငံရေးမူဝါဒ ကို အခြေခံသည့် ပါတီဟူ၍ နှစ်မျိုးရှိပြီး မည်သို့ပင်ရှိစေကာမူ မိမိဒေသကို အကျိုးပြု နိုင်မည့်သူများကိုသာ ရွေးချယ်ကြရမည်ဖြစ်ကြောင်းနှင့် ဒီမိုကရေစီနိုင်ငံတစ်ခုတွင် အကြမ်းဖက်သည့်နည်းလမ်းများဖြင့် အခွင့်အရေးတောင်းဆိုခြင်းသည် မသင့်လျော်သည့် လုပ်ရပ်များသာဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားရာတွင် - 


    "နေရာတကာမှာတော့ အားလုံးတော့ ရမှာ မဟုတ်ဘူး။ သို့သော်လည်းပဲ မှန်ကန်တဲ့ ချဉ်းကပ်မှုနဲ့ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကနေပြီးတော့ မှန်မှန်ကန်ကန်တိုးတက်အောင် ဆောင်ရွက်ဖို့အခွင့်အရေးရဖို့။ အဲဒီအခွင့်အရေး မဆုံးရှုံးအောင် ဒေသခံပြည်သူလူထုက စဉ်းစားဆောင်ရွက်ဖို့လိုတယ်။ မှန်မှန်ကန်ကန်နဲ့ အခွင့်အရေးကို အသုံးချနိုင်ဖို့အတွက် စဉ်းစားဆောင်ရွက်ဖို့ ဒါ ကျွန်တော် ခင်ဗျားတို့ကို တိုက်တွန်းပါတယ်။ ဘယ်သူရယ် ဘယ်ဝါရယ်လို့တော့ ကျွန်တော်တို့ မရှိပါဘူး။ အရေးကြီးတာကတော့ တိုင်းပြည်ကောင်းအောင် လုပ်မယ့်သူတွေ၊ ဒေသကောင်းအောင် လုပ်မယ့်သူတွေ ဖြစ်ဖို့ကတော့ အရေးကြီးဆုံးပါပဲ။ နောက်တစ်ခါ ကျွန်တော်တို့က သက်တမ်းနုတဲ့ ဒီမိုကရေစီနိုင်ငံ။ ဒီဆယ်နှစ်တာကာလအတွင်း ကျွန်တော်သုံးသပ်တွေ့ရှိရသလောက် ဆိုလို့ရှိရင် အခက်အခဲတွေ ရှိကြတယ်။ လုပ်ရကိုင်ရတဲ့ဟာတွေမှာ အခက်အခဲတွေ ရှိတယ်။ ဒါတွေကို ကျွန်တော်တို့ ကျော်လွှားနိုင်ဖို့ လိုတယ်။ နောက်တစ်ခါ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးကလည်း ရှိဖို့လိုတယ်။ ငြိမ်းချမ်းရေး မရှိပဲနဲ့တော့။ မရှိလို့ဆိုရင်တော့။ စောစောကပြောတဲ့ ဒေသကို ကိုယ်စားပြုမဲ့သူတွေ၊ တိုင်းပြည်ကောင်းအောင် လုပ်မဲ့သူတွေ၊ ဒေသကို ကောင်းအောင်လုပ်မဲ့သူတွေ မှန်မှန်ကန်ကန် ရဖို့အတွက် အခက်အခဲဖြစ်နိုင်တယ်။ ဒီမိုကရေစီ နည်းလမ်းတကျ ဆောင်ရွက်နိုင်ဖို့အတွက်လည်း အခက်အခဲဖြစ်နိုင်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးရအောင် ကျွန်တော်တို့လည်း ၂၀၁၁ ခုနှစ် ပထမအစိုးရ တက်လာကတည်းက ကြိုးစားလာခဲ့ကြတာ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က NCA ၅ နှစ်ပြည့်တယ်။ ၂၀၁၅ ခုနှစ်မှာ ကျွန်တော်တို့က စာချုပ် ချုပ်ခဲ့တာကိုး။ ၅ နှစ်ပြည့်သွားပြီ။ ဒါဟာလည်း ငြိမ်းချမ်းရေးရဲ့ တကယ့် ရှေ့ပြေးပါပဲ။ ဒီဟာကို ကျွန်တော်တို့က ကိုင်ပြီးတော့မှ ထာ၀ရငြိမ်းချမ်းရေးဖြစ်အောင် သွားကြရမယ်။ အဲဒီတော့ ဒီမိုကရေစီ နိုင်ငံတစ်ခုမှာတော့ အကြမ်းဖက်တဲ့နည်းလမ်းနဲ့ မိမိရဲ့လိုလားချက်တွေကို တောင်းဆိုဖို့ကတော့ မကောင်းဘူးပေါ့။ ဒါ မဖြစ်သင့်ဘူး။ အကြမ်းဖက်တယ်ဆိုတာကတော့ ဆူပူဆန္ဒပြတာတွေလည်းပါတာပေါ့။ အဲ့ဒီကနေစပြီးတော့မှ လက်နက်ကိုင်ပြီးတော့မှ အနိုင်ကျင့်တဲ့အဆင့်ထိပါတယ်။ ဒါတွေ အကုန်လုံး အကြမ်းဖက်တာချည်းပဲ။ With Armed, Without Armed ပဲ လက်နက်ပါတယ်၊ လက်နက်မပါဘူး။ ဒီနှစ်ခုလုံးကို ဆိုလိုတယ်။"
    ထို့နောက် လေရှီး၊ လဟယ်နှင့် ခန္တီးဒေသတို့သည် ယခင်ကထက်များစွာ ဖွံ့ဖြိုး တိုးတက်လာပြီဖြစ်သော်လည်း ယခုထက်ပိုမိုတိုးတက်ရန်အတွက် များစွာ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသအတွင်း သဘာ၀မှပေးထားသည့် အရင်းအမြစ်များမှ တစ်ဆင့် ဒေသဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ထုတ်ယူ သုံးစွဲနိုင်ရေး စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ မိမိဒေသအကျိုးကို မိမိဒေသတွင် နေထိုင်သူများကသာလျင်ဖော်ဆောင်နိုင်မည်၊ ဖော်ဆောင်ကြရမည်ဖြစ်သည့်အတွက် ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
    ထို့နောက်  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဌ ဦးကေဆိုင်းနှင့် မြို့မိမြို့ဖများ၊ တာဝန်ရှိသူများက ဒေသတွင်းကြုံတွေ့နေရသည့် အခက်အခဲများ၊ ဆက်သွယ်ရေးစနစ်ဆိုင်ရာလိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ အား ဆွေးနွေးပြောကြားရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
    ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေရှီးမြို့၊ လဟယ်မြို့နှင့် ခန္တီးမြို့ တို့ရှိ မြို့မိမြို့ဖများ ဒေသခံပြည်သူများအတွက် မြို့နယ်တစ်မြို့နယ်လျင် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၁၅၀ ခု၊ Face Shield ၃၀ ခု၊  Examination Glove ၁၀၀၀ ခုနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ လေရှီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦး၊ လဟယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးနေမင်းသူနှင့် ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှမျိုး တို့နှင့် မြို့မိမြို့ဖများက အသီးသီးလက်ခံရယူကြသည်။
    ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့် မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
    တွေ့ဆုံပွဲများအပြီး၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နှင့် လဟယ်မြို့တို့ရှိ ထေရဝါဒဗုဒ္ဓသာသနာ ပြုဗဟိုကျောင်းများသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဒဿန နှင့် ဘဒ္ဒန္တ သုမန တို့အား ဖူးမြော်ကြည်ညိုကာ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန်တော် ၃၀ အိတ်၊ ဆီ ၄၅ ပိဿာ ၊ ဆား ၁၅ ပိဿာ၊ ပဲ ၁၀၀ ပိဿာ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် သုံးကုန်ပစ္စည်းများ၊ ဝတ္ထုငွေများနှင့် စားသောက်ဖွယ်ရာများကိုဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်၏ သာသနာပြု လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုမေးမြန်း လျောက်ထားခဲ့ကြသည်။ ထို့ပြင် ခန္တီးမြို့ ရန်ကင်းတောင်ကုန်းမြေရှိ သာသနဟိတမြို့မကျောင်းတိုက် ဆရာတော် သာသနတက္က သီလ မဟာဓမ္မာစရိယ ဘဒ္ဒန္တ နန္ဒပါလ အားဖူးမြော်ကြည်ညိုကာ တပ်မတော် (ကြည်း၊ ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် တပ်မတော် စက်ရုံများမှ ထုတ်လုပ်သည့် သုံးကုန်ပစ္စည်းများ၊ ဝတ္ထုငွေများနှင့် စားသောက်ဖွယ်ရာများကိုဆက်ကပ်လှူဒါန်းကြသည်။ ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ က သီလရှင် ဆရာလေးများအား ဆန်၊ ဆီ၊ ဆား၊ ပဲ၊အမယ် ၄ မျိုးနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ထံမှ အနုမောဒနာ တရားကို နာယူကြသည်။ ထို့နောက် ခန္တီးမြို့၊ မြသိန်းတန်စေတီတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး စေတီတော် ကြီးအတွက် ဘက်စုံအလှူငွေများ ပေးအပ်ရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြ သည်။
    ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ လဟယ်မြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တို့ရှိ ပြည်သူ့ဆေးရုံများသို့ သွားရောက်၍ ဆေးရုံတစ်ခုလျင်  (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၅၁၅၀ ခု၊ Face Shield ၁၃၀ ခု၊  Personal Protective Equipment (PPE) ဝတ်စုံ ၅၀ စုံ၊ Hand Gel ၃၀ ဘူး၊ N 95 Mask ၁၀၀ ခု၊ Examination Glove 1500 ၁၅၀၀ ခုနှင့် စားသောက် ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ  ဆေးရုံအုပ်ကြီးများက အသီးသီးလက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။   

0 comments:

Post a Comment