Tuesday, October 13, 2020

ထီးဆွဲကျေးရွာအနီး စိုးမိုးတောင်ကုန်းများမှ ဆုတ်ခွာထွက်ပြေးသွားသော AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီး

ထီးဆွဲကျေးရွာအနီး စိုးမိုးတောင်ကုန်းများမှ ဆုတ်ခွာထွက်ပြေးသွားသော AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ အောက်တိုဘာ - ၁၃


AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ရသေ့တောင်မြို့နယ်၊ ထီးဆွဲကျေးရွာအနီး စိုးမိုးတောင်ကုန်းနေရာများ၌ အခိုင်အမာနေရာယူ၍ လမ်းပန်းဆက်သွယ်မှု ဖြတ်တောက်ခြင်း၊

ရေယာဉ်များအား မကြာခဏ ပစ်ခတ်ခြင်းဖြင့် ခြိမ်းခြောက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည့် သတင်းအား အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

၎င်းနေ့ ညပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက အင်အား အလုံးအရင်းဖြင့် အဆိုပါ စိုးမိုးကုန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေရာရွှေ့ပြောင်း၍ ပြန်လည်စုဖွဲ့မှုများ ဆောင်ရွက်ခဲ့ရသည်။ AA အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းစိုးမိုးကုန်းအား အခိုင်အမာနေရာယူ၍ ကားလမ်းနှင့် ရေလမ်းကြောင်းတို့အား ထပ်မံဖြတ်တောက်ပိတ်ဆို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး သောင်းကျန်းသူများသည် ထိခိုက်ကျဆုံးမှုများစွာဖြင့် ကျောက်တန်းကျေးရွာ၊ အောင်သာစည်ကျေးရွာများဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

သောင်းကျန်းသူများ ဆုတ်ခွာသွားပြီးနောက် ညနေပိုင်းတွင်  ၎င်းကျေးရွာများမှ  မီးခိုးလုံးများ တက်လာသည်ကို တွေ့ရှိရသဖြင့် စုံစမ်းခဲ့ရာ ကျောက်တန်းကျေးရွာနှင့် အောင်သာစည်ကျေးရွာတို့တွင် မီးလောင်ကျွမ်းလျက် ရှိကြောင်း  သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် ဆုတ်ခွာထွက်ပြေးရာတွင် ကျေးရွာများအား ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးပြီး တပ်မတော်မှ ပြုလုပ်သယောင် သတင်းမှားများ လုပ်ကြံဖန်တီးဖြန့်ချိလျက်ရှိသဖြင့် သတင်းမှားများနှင့် ပတ်သက်၍ ပြည်သူများ နားယောင်မှုမရှိစေရေး သတင်းထုတ်ပြန်အပ်ပါသည်။

0 comments:

Post a Comment