Monday, June 15, 2020

တစ်ခေတ်ဆန်း စစ်သမီး


တစ်ခေတ်ဆန်း စစ်သမီး
=================

ပထမဆုံးအမျိုးသမီး ဗိုလ်လောင်းသင်တန်းတွင် အကောင်းဆုံးဗိုလ်လောင်း ဆုရသူ၏ ဖြတ်သန်းမှု
တပ်မတော်က အလိုရှိကြောင်း ကြော်ငြာစာပါပြီး ခုနစ်လအကြာ ငယ်စဉ်ကတည်းက စစ်သားတစ်ယောက်ဖြစ်ချင်သည့် အမျိုးသမီးလေးတစ်ဦး အကောင်းဆုံးဗိုလ်လောင်းဆုရရှိခဲ့ပါသည်။ တောင်သူမိဘနှစ်ပါးမှ မွေးဖွားပြီး ကျောင်းဆရာမလုပ်ရန် စိတ်ကူးထားသည့် မိန်းကလေးက ယောကျ်ားသားများနှင့်အပြိုင် နိုင်ငံကို ကာကွယ်မည့် တပ်မတော်သားတစ်ဦးအဖြစ် မိမိဘဝကို မြှုပ်နှံလိုက်ခြင်းလည်းဖြစ်သည်။ သူက ပထမအကြိမ် သင်တန်းဆင်းသွားသည့် အမျိုးသမီးဗိုလ်လောင်း ၁၀၀ ထဲမှ ဗိုလ်လောင်းအမှတ် (၈၂) ဗိုလ်လေးနွယ်ထွန်းဖြစ်ပါသည်။
အမျိုးသမီးဗိုလ်လောင်းများကို တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် ခေါ်ယူသည့် နိုင်ငံပိုင်သတင်းစာမှ ခေါ်စာကို မြင်တွေ့ပြီးသည့်နောက် မလေးနွယ်ထွန်းတစ်ယောက် မိဘများနှင့် ဦးလေး၊ အဒေါ်ဖြစ်သူတို့၏ အားပေးတိုက်တွန်းချက်အပါအဝင် ကိုယ်ပိုင်ဆန္ဒဖြင့် ဝင်လျှောက်ရန် ဆုံးဖြတ်ခဲ့သည်။
တပ်မတော်က အလိုရှိသဖြင့် ဆုံးဖြတ်ချက်ခိုင်မာစွာ ဝင်ရောက်သွားခဲ့သည့် မလေးနွယ်ထွန်းတစ်ယောက် သင်တန်းကာလပြီးမြောက်ချိန်တွင် အကောင်းဆုံးအမျိုးသမီးဗိုလ်လောင်းဆုကို ပေးအပ်ခြင်းခံခဲ့ရသည်။
မလေးနွယ်ထွန်းကို ၁၉၈၇ တွင် ဦးထွန်းမြင့်နှင့် ဒေါ်မြင့်လေးတို့မှ မွေးဖွားခဲ့ပြီး နေပြည်တော် ပျဉ်းမနားမြို့ မအူကုန်းကျေးရွာဇာတိဖြစ်သည်။ မိဘနှစ်ပါးမှာ တောင်သူလယ်သမားများဖြစ်ကြသည်။ အခြေခံပညာအထက်တန်းကို အထက(ရေဆင်း)မှ အောင်မြင်ခဲ့ပြီး ကျောက်ဆည်တက္ကသိုလ်တွင် ဆက်လက်တက်ရောက်ခဲ့ကာ မဟာသုတေသန(ရူပဗေဒ)ဘွဲ့အထိ သင်ကြားခဲ့သည်။
ကျောင်းပြီးပြီးချင်း ၂၀၁၃ တွင် တပ်မတော်က အမျိုးသမီးဗိုလ်လောင်းများ အလိုရှိကြောင်း ကြော်ငြာကိုတွေ့ရှိပြီး မိဘများနှင့်တိုင်ပင်ကာ တပ်မတော်သို့ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ (နဂိုကတည်းက မလေးနွယ်ထွန်းမှာ တပ်မတော်ကို သဘောကျသည့် မိန်းကလေးတစ်ဦးဖြစ်ခဲ့သည်)
‘‘ဆယ်တန်းအောင်ကတည်းကခေါ်ရင်အဲဒီကတည်းက ဝင်ဖြစ်မယ်’’ဟု ဆိုသည်။ အကယ်၍သာ တပ်မတော်က မခေါ်ယူခဲ့လျှင် မလေးနွယ်ထွန်းက တက္ကသိုလ်တစ်ခုခုတွင် ကျူတာဆရာမတစ်ဦးဖြစ်နေလောက်လေပြီ။ သို့သော်လည်း ဆရာမအလုပ်ကိုသူက ဝါသနာမပါသော်လည်း M.Res ဘွဲ့အထိ သင်ယူထားသူလည်းဖြစ်၍သာ ဆရာမတစ်ဦးအဖြစ်လုပ်ကိုင်ရန် သေချာလိမ့်မည်ဟု သူမက မှတ်ယူထားသည်။ ယခုတော့ မလေးနွယ်ထွန်းဘဝမှာ ဝါသနာနှင့်အလုပ် တစ်ထပ်တည်း ကျသွားပြီဟုဆိုရမည်။
အမျိုသမီးဗိုလ်လောင်းများကို ရွေးချယ်ရာတွင် ဘွဲ့လွန်တက်ရန် အဆင့်မီသူများကို ဦးစားပေးပြီး တစ်နိုင်ငံလုံးမှ အမျိုးသမီး ထောင်ဂဏန်းချီ၍ ဝင်ရောက်လျှောက်ထားကြရာ ရန်ကုန်တိုင်းဒေသကြီးမှပင် ဦးရေသုံးထောင်ကျော် လျှောက်ထားခဲ့ပြီး သုံးရာကျော်ကိုသာ ပဏာမအဆင့် ရွေးချယ်ခဲ့သည်။
နေပြည်တော်တိုင်းအတွင်းမှ အမျိုးသမီးတစ်ထောင်ခန့် လျှောက်လွှာတင်ခဲ့ကြရာ ပဏာမအဆင့် ၈၈ ဦးကိုသာ ရွေးချယ်ခဲ့သည်။ ပဏာမရွေးချယ်ခံရသည့် အမျိုးသမီးများသည် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ နေပြည်တော် ဗိုလ်ရွေးအဖွဲ့ (OTT) သို့ ၂၀၁၃ ဒီဇင်ဘာတွင် သွားရောက်သတင်းပို့ပြီး လူတွေ့၊ စာတွေ့နှင့် ကိုယ်ကာယကြံ့ခိုင်မှုများကို စစ်ဆေးခံကြရသည်။

သို့နှင့် ပထမဆုံးသော အမျိုးသမီးဗိုလ်လောင်း အပတ်စဉ်(၁) တက်ရောက်ရန် တစ်နိုင်ငံလုံးမှ အမျိုးသမီးဦးရေ ၁၀၀ကို ရွေးချယ်ခဲ့ရာ မလေးနွယ်ထွန်းသည်လည်း ဗိုလ်လောင်းအမှတ်(၈၂)ဖြင့် ပါဝင်တက်ရောက်ခွင့်ရခဲ့သည်။‘‘ဗိုလ်ရွေးဖြေတော့ စိတ်လှုပ်ရှားတယ်။ ဖြစ်ချင်တဲ့ဆန္ဒရှိနေတော့ မပါမှာကြောက်တယ်။ ဗဟုသုတတွေ၊ နိုင်ငံတကာအကြောင်းတွေ၊ သချင်္ာဉာဏ်စမ်းတွေမေးတယ်။ ဆိုက်ကိုတွေလည်းမေးတယ်။ သမီး ဘာလို့တပ်ထဲဝင်ချင်တာလဲလို့မေးတော့ ဝါသနာပါလို့လို့ဖြေတော့ ဘာလို့လဲလို့ပြန်မေးတယ်။ ငယ်ငယ်ကတည်းက ဆယ်တန်းအောင်အောင်ချင်း ဝင်ခဲ့ရင် စစ်သားဖြစ်နေပြီလို့ ပြန်ဖြေလိုက်တယ်’’ ဟု သူက ဗိုလ်ရွေးအတွေ့အကြုံကိုပြောပြသည်။
တပ်မတော်အကြောင်း သေသေချာချာမသိဘဲ တပ်မတော်သားဘဝကို ကြိုက်နှစ်သက်သည့်စိတ်နှင့် ဝင်ရောက်သွားခဲ့သည့် မလေးနွယ်ထွန်းအပါအဝင် အမျိုးသမီးဗိုလ်လောင်းများအနေဖြင့် သင်တန်းကာလ ခြောက်လအတွင်း ပင်ပန်းဆင်းရဲမှုဒဏ်ကို တွန်းလှန်ကျော်ဖြတ်ခဲ့ကြသည်။
လေ့ကျင့်ရေးပိုင်းတွင်လည်း အမျိုးသမီးများဖြစ်သည့်အတွက် အားနွဲ့သူဟူ၍ ညှာတာခြင်းမရှိဘဲ နည်းပြဆရာများ၏ အော်ငေါက်ပြောဆိုမှုများကို ကြိတ်မှိတ်ခံကာ အမျိုးသားဗိုလ်လောင်းများနှင့်မခြား လေ့ကျင့်ပေးခြင်းခံခဲ့ရသည်။
တပ်ထဲတွင် ပင်ပန်းမည်ဆိုသည်ကို သိသော်လည်း တကယ်တမ်း လက်တွေ့မှာတော့ ထင်ထားသည်ထက် ပိုပင်ပန်းသည်ဟု ဆိုသည်။ ကနဦးအစက အဆင်မပြေမှုများစွာရှိသော်လည်း တဖြည်းဖြည်းနှင့် အသားကျလာခဲ့ကြသည်။ ‘‘သူတို့ချမှတ်ထားတဲ့အတိုင်း လုပ်နိုင်ရင် အဆင်ပြေသွားမှာပဲ။ အဓိကက စိတ်ဓာတ်ပါပဲ။ အယောက်တစ်ရာလုံးက လုပ်နေရတော့ သူတို့လုပ်နိုင်ရင် ကိုယ်လည်းလုပ်နိုင်ရမှာပဲ။ မိဘအိမ်နဲ့ မတူတာတော့ သေချာပါတယ်။ အချိန်အရမ်းဆင်းရဲတယ်။ အဲဒီလောက်အချိန်ဆင်းရဲလိမ့်မယ်လို့ မထင်ခဲ့ဘူး’’ဟု မလေးနွယ်ထွန်းကပြောပြသည်။
အမျိုးသမီးဗိုလ်လောင်းသင်တန်းတွင် နံနက် ၅ နာရီခွဲ PT ပြေးရန် ၅ နာရီမထိုးမီကတည်းကထ၍ ပြင်ဆင်ရပြီး နေ့စဉ်ကွင်းကို ပတ်ပြေးရကာ လေ့ကျင့်ခန်းပြီးဆုံးပါက စာသင်ခန်းဝင်ရန် အချိန်မီဝတ်စုံလဲခြင်း စသည့်အလုပ်တို့ကို အပြေးအလွှားပြုလုပ်ကြရပြီး စစ်တပ်အတွင်းရောက်ပါမှ အချိန်ဖြင့် ငါးမိနစ်ခန့် အဝတ်အစားလဲတတ်သွားကြောင်း သူကဆိုသည်။
‘‘ငါးမိနစ်လောက်အချိန်ရရင် ကမ္ဘာတစ်ပတ်ပတ်လို့ရပြီလို့‌ေတာင် ပြောဖြစ်ကြတယ်’’ဟု ပြောပြသည်။
စစ်တပ်အတွင်းစာသင်ကြားရာတွင် အပြင်၌သင်ကြားခြင်းနှင့် တခြားစီဖြစ်ပြီး လေ့ကျင့်ရေးပိုင်းမှာလည်း မမြင်မတွေ့ဖူးသည်များကို အမျိုးသမီးဗိုလ်လောင်းများ ကြုံတွေ့ဖြတ်သန်းခဲ့ကြသည်။
နေပူကျဲကျဲအောက် လေ့ကျင့်ရသည့် စစ်ရေးပြလေ့ကျင့်ခန်းများေြကာင့် နုနယ်သည့် ပညာတတ်အမျိုးသမီးလေးများမှာနေလောင်ဒဏ်ကြောင့် အသားအရေညိုမည်းလာပြီး တချို့ဆိုလျှင် နားရွက်နောက်၌ အရည်ကြည်ဖု များပေါက်သည်အထိ ဒဏ်ခံကြရသည်။ ကြမ်းတမ်းသည့်လေ့ကျင့်ခန်းများကြောင့် အမျိုးသမီးတို့မှာ လက်၊ တံတောင်၊ ဒူးများ ပွန်းပဲ့ကုန်သည်။ အလှအပကို မက်မောသည့် မိန်းကလေးများဖြစ်သော်လည်း တပ်ထဲရောက်သွားချိန်မှာတော့ အလှအပဆိုသည်မှာ ဘာမှန်းပင်မသိရလောက်အောင် ဖြစ်ကြရသည်။
‘‘ဗိုလ်လောင်းကာလတစ်လျှောက် သနပ်ခါးမလိမ်းရဘူး။ သတ်မှတ်ဆံပင်တစ်ပုံစံတည်းနဲ့နေရတယ်။ မိန်းကလေးက အလှအပကြိုက်တာပဲ။ အခုထိအလှအပဘက် ပြန်မလှည့်ဖြစ်သေးပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြုပြင်ရမှာ အများကြီးပဲ။ အသားအရေလည်း အရမ်းဆိုးခဲ့ပြီးပါပြီ။ ကိုယ်လုပ်ရတဲ့အလုပ်က ဒီလိုပဲ ပင်ပင်ပန်းပန်းလုပ်ရမှာပဲ’’ဟု မလေးနွယ်ထွန်းက အသားအရေပျက်စီးခြင်းကို ဂရုမထားတော့သည့်ဟန်ဖြင့် ပြောပါသည်။ ပင်ပန်းမှုများစွာ ကြုံတွေ့ရသည့်အခါ အချင်းချင်းစည်းလုံးသွားခဲ့ကြသည်က အမှန်ပင်။
တပ်မတော်ကလည်း သူတို့ကို အဖွဲ့အစည်းစိတ်ဓာတ် ရိုက်သွင်းပေးခဲ့သည်။ တစ်ယောက်ကောင်းမဟုတ်ဘဲ အဖွဲ့လိုက် ထူးချွန်မှုကိုအလေးထားသည့်သင်ကြားမှုကြောင့် သုံးမိုင်၊ ငါးမိုင်ခရီးပြေးကြရင်း ချီတိုက်ခံခွာ စစ်ကြောင်းလေ့ကျင့်ရေးများ ထွက်ကြရင်းနှင့်ပင် အချင်းချင်းဖေးမမှုတွေ ပေါ်လွင်လာကြသည်။ စိတ်ညစ်စရာရှိပါက အချင်းချင်းအားပေးရင်း ဖြေဖျောက်ခဲ့ကြသည်။
Image may contain: one or more people, sky, grass, outdoor and nature
သင်တန်းကာလ ခြောက်လအတွင်း စစ်ရေးပြလေ့ကျင့်ခန်း၊ လက်နက်ငယ်လေ့ကျင့်ခန်း၊ ဗျူဟာပိုင်းဆိုင်ရာများ၊ စစ်ဘက်ဆိုင်ရာစာပေများ စသည်တို့ကို နေ့စဉ်လေ့လာသင်ကြားခဲ့ကြရသည်။ နံနက် ၅ နာရီမှစ၍ ည ၉ နာရီ အိပ်ချိန်တိုင်သည်အထိ ဆိုင်ရာသင်ကြားမှုများကို လေ့ကျင့်မှတ်သားခဲ့ကြပြီး သင်တန်းကာလပြည့်မြောက်ချိန်တွင်တော့ သူတို့မျှော်လင့်ခဲ့ရသည့် တပ်မတော်သားတစ်ဦးဘဝကို ရောက်ရှိခဲ့ကြတော့သည်။
၂၀၁၄ သြဂုတ်လ ၂၈ ရက်တွင် မှော်ဘီမြို့နယ်ရှိအမှတ်(၁) အမျိုးသမီးဗိုလ်လောင်းသင်တန်းကျောင်း၌ ပြုလုပ်သော သင်တန်းဆင်းပွဲ၌ ဗိုလ်လောင်း ၁၀၀ လုံး အောင်မြင်စွာ သင်တန်းဆင်းခဲ့ကြပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည့် အဆိုပါသင်တန်းဆင်းပွဲတွင် ဗိုလ်လောင်းအမှတ်(၈၂) မလေးနွယ်ထွန်းက အကောင်းဆုံးအမျိုးသမီးဗိုလ်လောင်းဆုကို ရရှိဆွတ်ခူးနိုင်ခဲ့သည်။
‘‘အကောင်းဆုံးဆုရမယ်လို့ မထင်ခဲ့ဘူး။ လေ့ကျင့်ရေးထူးချွန်ဆုရမယ်လို့ပဲထင်ခဲ့တာ’’ဟု သူက ပြောပါသည်။
ဗိုလ်လေးနွယ်ထွန်းက သင်တန်းကာလအတွင်း စိတ်ဓာတ်အဓိကထား၍ မလျှော့သော ဇွဲလုံ့လဖြင့် ကြိုးပမ်းခဲ့ပြီး သူက သေနတ်ပစ်လေ့ကျင့်ခန်းများတွင်လည်း ပစ်ချက်ကောင်းကောင်းပစ်နိုင်သည့်အတွက် အမှတ်များ ရယူနိုင်ခဲ့ဟန်ရှိသည်။ နည်းပြဆရာများကတော့ သင်တန်းသူအားလုံးကို စိတ်ဓာတ်၊ စည်းကမ်း၊ စာပေသာမက အခြားအရည်အချင်းများကိုပါ ဘက်ပေါင်းစုံကြည့်၍ တစ်လျှောက်လုံး အကဲဖြတ် အမှတ်ပေးခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
သင်တန်းဆင်းပြီးသည်နှင့် မလေးနွယ်ထွန်း၏ ဝတ်ဆင်လိုလှသော တပ်မတော်အမျိုးသမီး ယူနီဖောင်းပခုံးပေါ်မှာ ရွှေကြယ်နှစ်ပွင့် ရောက်လာခဲ့ပြီး တပ်မတော် ပြန်တမ်းဝင်အရာရှိအဖြစ် ဗိုလ်အဆင့်ခန့်အပ်ခြင်းခံရသည်။ နေပြည်တော်တွင် တာဝန်ချထားပေးခြင်းလည်း ခံရသည်။
နိုင်ငံတော်ကာကွယ်ရေး သမိုင်းတစ်လျှောက် အမျိုးသမီးဗိုလ်လောင်းများအား ပထမဆုံးအကြိမ် တာဝန်ပေးအပ်ခြင်းလည်း ဖြစ်သည်။ ဗိုလ်လောင်း ၁၀၀ ဦး ၌ တပ်မတော်(ကြည်း) တွင် ၉၂ဦး၊ တပ်မတော်(ရေ)တွင် ငါးဦး နှင့် တပ်မတော်(လေ)တွင် သုံးဦးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်လောင်းများသည် ပြင်ပအရပ်သူများထဲမှ မဟာဘွဲ့၊ ပါရဂူဘွဲ့နှင့် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဘွဲ့ရပြီးသူများဖြစ်ကြသည်။

Image may contain: one or more people, people standing and outdoor
ဇန်နဝါရီ ၂ ရက်က မလေးနွယ်ထွန်းကို နေပြည်တော်တိုင်းစစ်ဌာနချုပ်အနီး ရွာတော်ရှိ တန်းစီစစ်ရေးပြကွင်းအတွင်း စစ်ရေးပြလမ်းလျှောက်နေသည်ကို တွေ့ရသည်။ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်အခမ်းအနား၌ နိုင်ငံတော်သမ္မတကြီးအား အလေးပြုလမ်းလျှောက်ရန် လေ့ကျင့်နေစဉ်ဖြစ်သည်။ မလေးနွယ်ထွန်းက တပ်မတော်အမျိုးသမီးတပ်ခွဲကို ဦးဆောင်လာသည့် အလံကိုင်အမျိုးသမီးအရာရှိများထဲတွင် နောက်ဆုံးတန်း၏ ရှေ့တစ်တန်းမှ အမိန့်ပေးသူတစ်ဦးအနေဖြင့်ပါဝင်လာသည်။ ‘‘ဗိုလ်ရှုသဘင်က ဂုဏ်ယူစရာကောင်းတဲ့ပွဲပါ။ ကြုံတောင့်ကြံုခဲဆိုတော့ စိတ်လှုပ်ရှားတာပေါ့။ ကိုယ့်နိုင်ငံရဲ့သမ္မတကို သဘောကျတယ်။ လေးစားတယ်’’ဟု သူက ဦးသိန်းစိန်အပေါ်အမြင်ကို ပြောပြသည်။
မလေးနွယ်ထွန်းအတွက် ယခုအခါ ဆန္ဒနှင့်ဘဝ တစ်ထပ်တည်းကျခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူပါ၏ဟုလည်း သူကပြောသည်။ အရပ်သားဘဝတုန်းက ပြည်သူတစ်ဦးအနေဖြင့်သာ နိုင်ငံကိုချစ်တတ်သည့်စိတ်မျိုးရှိခဲ့ရာမှ ယခုလို တပ်မတော်သားတစ်ဦးဖြစ်သွားချိန်မှာတော့ ယခင်ကနှင့်မတူဘဲ နိုင်ငံကိုကာကွယ်စောင့်ရှောက်ရမည့်တာဝန်ကို ထမ်းဆောင်နေရသည့်စိတ်သို့ ပြောင်းလဲခဲ့သည်ဟုလည်းပြောြပသည်။
‘‘လွတ်လပ်နေတုန်းကတော့ ဘာတာဝန်မှမရှိဘူးလေ။ အခုကျတော့ အသိတွေလည်း ဝင်လာတာပေါ့။ ပိုလေးနက်သွားတာမျိုးပေါ့။ သေချာတာကတော့ ဒီအပွင့်နဲ့တန်အောင် တာဝန်ထမ်းဆောင်ရတော့မယ်။ ကျေပွန်ရတော့မယ်’’
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍တော့ မလေးနွယ်ထွန်းက မှတ်ချက်သိပ်မပေးပါ။ ရိုးရိုးရှင်းရှင်းသာပင်ဖြေပါသည်။ ‘‘ငြိမ်းငြိမ်းချမ်းချမ်းနေရရင် ပိုပြီးတော့ ကောင်းတာပေါ့။ ဘာမှမဖြစ်ကြဘဲ အေးအေးချမ်းချမ်းနေရရင် ပိုကောင်းတာပေါ့’’ဟု ဖြစ်သည်။
အကယ်၍သာ ပြည်ပရန်ကျူးကျော်မှုမျိုးဖြစ်လာပါက ဝင်ရောက်တိုက်ခိုက်မည်လားဟူသည့် မေးခွန်းကိုလည်း မလေးနွယ်ထွန်းက အောက်ပါအတိုင်းခိုင်မာစွာ ဖြေခဲ့ပါသည်။
‘‘တာဝန်ပေးရင်တော့ တိုက်မှာပဲ။ ကိုယ့်ကို လာကျူးကျော်တာပဲ။ သေချာတယ်။ တိုက်မှာပဲ’’
မိန်းကလေးတစ်ဦးဖြစ်သော်လည်း ယောက်ျားသားများနှင့်အပြိုင် ရင်ပေါင်တန်း၊ သေနတ်ကိုင်စွဲရသည့် အလုပ်ကို ရွေးချယ်ခဲ့သော မလေးနွယ်ထွန်းတစ်ယောက်ဘယ်တော့မှ မိမိရွေးချယ်မှုအပေါ် နောင်တရမည့်ပုံမပေါ်။ သူ့မျက်လုံးများနှင့် သူ့ပြောစကား၊ပြောဟန်များက ယုံကြည်မှု အပြည့်ဖြစ်နေသည်။ ကြုံလာသမျှ အခက်အခဲများကိုလည်း တွန်းတွန်းတိုက်တိုက်ဖြေရှင်းဖြတ်ကျော်သွားမည့်ဟန်ဖြစ်သည်။
‘‘ဘယ်အလုပ်ဖြစ်ဖြစ် အခက်အခဲတွေကြုံမှာပဲ။ အကောင်းဆုံးသင်ယူဖြေရှင်းနိုင်ဖို့ ပြင်ဆင်ထားတယ်။ ချမှတ်ထားတဲ့အတိုင်း လုပ်နိုင်ရင် အဆင်ပြေသွားမှာပဲ။ လွတ်လပ်မှုတွေအများကြီးကြုံခဲ့ပြီးပြီ။ ဝုန်းခနဲစစ်တပ်မူဘောင်ထဲဝင်လိုက်တော့ တဖြည်းဖြည်းလိုက်နာရင်းနဲ့မှ ယုံကြည်မှုတွေ ပိုရှိသွားတာပေါ့’’ဟု သူကပြောသည်။
စစ်ရေးပြကွင်းထဲမှ လေ့ကျင့်ရေးပြီးဆုံး၍ ပြန်လာသည့် အမျိုးသမီးငယ်က ပင်ပန်းနေသည့်ကြားမှ ဖျတ်လတ်တက်ကြွနေသေးသည်။ အခုတော့ သူက တပ်ထဲမှာ ပျော်နေပြီ။ လောလောဆယ်တော့ တပ်ထဲက မထွက်ရမချင်း တာဝန်ထမ်းဆောင်သွားဖို့ သူက ဆုံးဖြတ်ထားသည်။
မကြာသေးမီရက်ပိုင်းကပင် နိုင်ငံပိုင်သတင်းစာတွင် အမျိုးသမီးဗိုလ်လောင်းများအလိုရှိသည့် ခေါ်စာတစ်ခုကို ထပ်တွေ့ရပြန်သည်။ နိုင်ငံအနှံ့မှ ဘွဲ့ရပညာတတ်အမျိုးသမီးများ တပ်မတော်ထဲသို့ ဒုတိယအသုတ်အဖြစ် ရောက်လာကြဦးမည်။ မလေးနွယ်ထွန်းတို့ ကြုံတွေ့ခဲ့ရသည့် သင်တန်းကာလဖြတ်သန်းမှုမျိုးကို ခံစားကြရဦးမည်။ ထို့နောက် တာဝန်ကျရာနေရာအသီးသီးသို့ တာဝန်ထမ်းဆောင်ရန် အရာရှိများအဖြစ် ရောက်ရှိကြဦးမည်။ တပ်မတော်ကို သဘောကျစိတ်ဝင်စားပြီး အသစ်ဝင်ရောက်လာမည့် အရာရှိလောင်း ဂျုနီယာညီမလေးများအတွက် မလေးနွယ်ထွန်းက အောက်ပါအတိုင်းမှာ ကြားပါသည်။
‘‘ဝါသနာပါတယ်၊ ခံယူချက်ရှိတယ်ဆိုရင် ဝင်ခဲ့ပါ။ စစ်သားတစ်ယောက်ဘဝကို ဝင်လာပြီးတော့ လုပ်ကြည့်ပါ။ အရမ်းဝါသနာပါတယ်ဆိုရင် ကြိုဆိုပါတယ်။ ဝါသနာမပါရင်တော့ မလုပ်တာကောင်းတယ်’’
တပ်မတော်ကို သဘောကျနှစ်သက်ပြီး ကိုယ်တိုင်က အကောင်းဆုံးဗိုလ်လောင်းဆုရရှိထားသူ . . . အမျိုးသမီးတပ်မတော်အရာရှိ ဗိုလ်လေးနွယ်ထွန်းက အောက်ပါအတိုင်းသာ မှတ်ချက်ပေးခဲ့ပါသည်။
‘‘လူတိုင်းကတော့ ကိုယ်ကြိုက်တဲ့ ခံယူချက်ကို ခံယူလို့ရတာပါပဲ။ အလုပ်တစ်ခုကို ကောင်းတယ်၊ ဆိုးတယ်ဆိုတာ ကိုယ်လုပ်ကြည့်မှ နားလည်မှာပါ’’ဟု ဖြစ်ပါသည်။

- ဥက္ကာကိုကို -
Credit. 7Day News Journal

0 comments:

Post a Comment