Monday, June 22, 2020

မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက ချောင်းမြောင်းတိုက်ခိုက်

မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက ချောင်းမြောင်းတိုက်ခိုက်

နေပြည်တော်၊ ဇွန် - ၂၂


ရသေ့တောင်မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့်နယ်မြေ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို ယနေ့ ညနေပိုင်း တွင်AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ချောင်းမြောင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာအနီး မောင်တော- အငူမော်ကားလမ်း၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များရောက်ရှိနေပြီး  အများပြည်သူအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှုများဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် တရားဥပဒေ စိုးမိုးရေးနှင့်နယ်မြေတည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရန်အတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ယနေ့ ညနေပိုင်းတွင် အင်းဒင်ရဲကင်းစခန်းမှ မော်တော်ယာဉ် များဖြင့် ထွက်ခွာလာခဲ့ကြောင်း၊ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် ကိုးတန်ကောက် ကျေးရွာအနီး အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ချောင်းမြောင်း တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းအပြင် မော်တော်ယာဉ် လိုက်ပါမောင်နှင်း ပို့ဆောင်သည့် အရပ်သား ယာဉ်မောင်း ၁ ဦး သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ တပ်မတော်စစ်ကြောင်းများက အချိန်မီ သွားရောက် ပူးပေါင်း၍ စစ်ကူပစ်ကူ ဆောင်ရွက်ပေးခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားသော AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များအား ထပ်ကြပ် လိုက်စစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် အများပြည်သူအသုံးပြု လျက်ရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကို မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိပြီး ဒေသတည်ငြိမ်အေးချမ်းရေးပျက်ပြားအောင် ဆောင်ရွက်လျက် ရှိသည့်အပြင် တရားဥပဒေစိုးမိုးရေးနှင့်နယ်မြေ တည်ငြိမ်အေးချမ်းရေးဆောင်ရွက် လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များကိုပါ ယခုကဲ့သို့ ချောင်းမြောင်းတိုက်ခိုက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment