Monday, June 22, 2020

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် တပ်မတော် ရဟတ်ယာဉ်များဖြင့် သစ်ပင်မျိုးစေ့များအား ဝေဟင်မှ ကြဲချစိုက်ပျိုး

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် တပ်မတော် ရဟတ်ယာဉ်များဖြင့် သစ်ပင်မျိုးစေ့များအား ဝေဟင်မှ ကြဲချစိုက်ပျိုး

နေပြည်တော်၊ ဇွန် - ၂၂

တပ်မတော်အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက် နိုင်စေရန်နှင့် ရာသီဥတုအထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရှိစေရန်နှင့် နိုင်ငံတော်စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု နိုင်စေရန် ရည်ရွယ်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုများနှင့် တိုင်းစစ် ဌာနချုပ်အသီးသီးတို့တွင် မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲတော်များကို ၂၀၁၁ ခုနှစ်မှ စတင်၍ နှစ်စဉ် ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရ လေကာပင်များကို စိုက်ပျိုးခဲ့ကြသည်။

ထို့ပြင် ရေဝေ၊ ရေလဲ ထိန်းသိန်းကာကွယ်ရန်နှင့် စိမ်းလန်းစိုပြေရေးကို အထောက်အကူ ပြုစေရန်၊ သစ်ပင်ပေါက်ရောက်မှုမရှိသည့် တောင်ကတုံးများတွင် သစ်ပင်များ ပြန်လည်ပေါက်ရောက်ပြီး စိန်းလမ်းစိုပြေစေရန်၊ မြေဆီလွှာတိုက်စားခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန်နှင့် သစ်တောပြုန်းတီးမှုများအား ကာကွယ်နိုင်ရန် ရည်ရွယ်၍ လွယ်ကူလျှင်မြန်ပြီး လုပ်အား စိုက်ထုတ်မှုသက်သာကာ အပင်များအချိန်တိုအတွင်း ရှင်သန်ဖြစ်ထွန်းနိုင် စေရန်အတွက် သွားလာမှုခက်ခဲသည့် သစ်တောများအတွင်း ဝေဟင်မှတဆင့် တပ်မတော်ရဟတ်ယာဉ်များ ဖြင့် ဒေသနှင့်ကိုက်ညီသော သစ်ပင်မျိုးစေ့များ ကြဲချစိုက်ပျိုးခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ စိုက်ပျိုးပေးလျက်ရှိရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း ဇွန် ၁၉ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်းလေးကန် ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် အင်းလေးကန် အရှေ့ဘက်နှင့် အနောက်ဘက်ရှိ တောင်ကုန်း တောင်တန်းများ တွင် မယ်ဇလီ၊ ယင်းမာ၊ ဘောစကိုင်း၊ ရေသင်းဝင်၊ ငုစပ်၊ ယမနေ၊ ချယ်ရီ၊ မန်ဂျန်ရှား၊ ပျဉ်းမ၊ ကုက္ကိုလ်၊ ယူကလစ်၊ ဇီး၊ ထင်းရှူး သစ်စေ့မြေလုံး စုစုပေါင်း ၃၀၀၀၀၀ ကို လည်းကောင်း၊ ၊ အရှေ့အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်နယ်မြေအတွင်း ဇွန် ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ဟိုင်းနန်း^နမ့်ပွန်ကြိုးပြင်ကာကွယ်တော၊ လွိုင်လင်မြို့၊ နောင်တောင်းကြိုးဝိုင်း၊ လွိုင်လင်ကြိုးဝိုင်း၊ ကျူပေါ်ကျေးရွာအနီးနှင့် ကောင်းငိုတန်းကျေးရွာအနီးတို့ရှိ မြေဧက ၁၀၀၅ ဧကတို့တွင် မယ်ဇလီ၊ ဘောစကိုင်း၊ ထင်းရှူး၊ သပြေ၊ ချယ်ရီ၊ စွယ်တော်နှင့် ရေသင်းဝင် သစ်စေ့မျိုးလုံး ၃၀၀၀၀၀ ကိုလည်းကောင်း ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း ဇွန် ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ကြို့ပင် ကျေးရွာ၊ ခေါင်ငိုးကျေးရွာ၊ ဝေဖလာကျေးရွာ၊ ပင်သာကျေးရွာ၊ တက်ခတ်ကျေးရွာ၊ နတ်နန်း ကျေးရွာနှင့် မက္ကလက် ကျေးရွာများအနီးရှိ မြေဧက ၄၈၀ တွင် ရှားမျိုးစေ့ ၃၀၀၀၀ စေ့၊ ဘောစကိုင်း ၅၀၀၀၀ စေ့၊ ဆူးဖြူ ၂၀၀၀၀ စေ့တို့ကိုလည်းကောင်း၊ ဇွန် ၂၀ ရက်တွင် ဝန်းသိုမြို့နယ်၊ နမ်းခမ်းကြိုးဝိုင်း၊ ကျောက်ဖျာကြိုးဝိုင်းနှင့် ဆားတွင်းကျေးရွာ အနီးတို့ရှိ မြေဧက ၅၇၂ ဧကတွင် မဲဇလီမျိုးစေ့ ၃၀၀၀၀ စေ့၊ ဘောစကိုင်း ၃၀၀၀၀ စေ့၊ ဆူးဖြူ ၄၀၀၀၀ စေ့တို့ကို လည်းကောင်း၊ ဇွန် ၂၁ ရက်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ သီးမစ်ကြိုးပြင်ကာကွယ်တော၊ ဖလမ်းမြို့နယ်၊ ဇိန်မှုတောင်အပ တောနှင့် တီးတိန်မြို့နယ်၊ ကနေဒီတောင်အမျိုးသားဥယျာဉ်တို့ရှိ မြေဧက ၁၂၂၀ ဧကတွင် ထင်းရှူးမျိုးစေ့ ၇၀၅၀၀၀ စေ့၊ ချယ်ရီမျိုးစေ့ ၂၄၅၀၀၀ စေ့၊ ရေသင်းဝင် ၅၀၀၀၀ စေ့တို့ကိုလည်းကောင်း ရွှံ့လုံး တစ်လုံးလျှင် မျိုးစေ့ ၅ စေ့ခန့် ထည့်သွင်း၍ Seeds Ball များ ပြုလုပ်ပြီး တိုင်းစစ်ဌာနချုပ် များနှင့် သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ တပ်မတော် ရဟတ်ယာဉ်များဖြင့် မျိုးစေ့ကြဲချစိုက်ပျိုးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင်လည်း မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ မြို့နယ်နှင့် မိုင်းမောမြို့နယ်အတွင်းသို့လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် လည်းကောင်း၊ တပ်မတော် ရဟတ်ယာဉ်များဖြင့် ရှား၊ ဒဟတ်၊ မန်ကျည်၊ တမာ၊ မယ်ဇလီနှင့် ဘောစကိုင်းစသည့် သစ်စေ့၊ မျိုးစေ့များကို ကြဲချစိုက်ပျိုးပေးခဲ့ကြောင်း သတင်းရ ရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment