Wednesday, August 12, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာ (လေးထောင့်ကန်) တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေး

နေပြည်တော်၊ သြဂုတ် - ၁၂


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ နှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) တည်ဆောက်နေမှုအခြေအနေများ အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)သို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်တွင် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ တိုင်းမှူးနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်တို့က အိမ်ရာတည်ဆောက်နေမှု အခြေအနေများ၊ ခြံစည်းရိုးပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများ၊ ရေ၊ မီးလိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ စစ်မှုထမ်းဟောင်းမိသားစု ဝင်များ၏ နေထိုင်ရေးအတွက်သာမက စားရေးနေရေးနှင့် အလုပ်အကိုင်ရရှိရေးအတွက် အဆင့်မြင့်ဥစား ကြက်ခြံ လုပ်ငန်းလည်ပတ်နေမှုအခြေအနေများ၊ အထည်ချုပ်စက်ရုံ လုပ်ငန်းလည်ပတ်နေမှုအခြေအနေ များနှင့် အိမ်ရာအတွင်း သာရေး၊ နာရေးကိစ္စရပ်များ ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ကလေး ကစားကွင်းနှင့် စာကြည့်တိုက်ထည့်သွင်း တည်ဆောက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာ (လေးထောင့်ကန်) စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၏ စစ်မှုထမ်းဟောင်းမြို့အသွင် အကောင်အထည်ဖော်တည်ဆောက်ရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းများနှင့် မိသားစုများအတွက် နေရေးသည် အရေးကြီး သကဲ့သို့ စားရေးအတွက်လည်း အဆင်ပြေအောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အအေးခန်းစနစ်ဖြင့် ဆောင်ရွက်နိုင်သည့် မွေးမြူရေးလုပ်ငန်းများကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ထည့်သွင်းလုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်း ဟောင်းမိသားစုဝင်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အသေးစားစက်မှု လုပ်ငန်းများ လုပ်ဆောင်နိုင်ရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မူကြိုကျောင်းနှင့် မူလတန်းကျောင်းများကို နောင်နှစ် ကျောင်းဖွင့်ချိန် အမီပြီးစီးအောင် တည်ဆောက်ရန်လိုကြောင်း၊ အိမ်ရာအတွင်း အရိပ်ရလေကာပင်များ ထည့်သွင်းစိုက်ပျိုး၍ စစ်မှုထမ်းဟောင်းအိမ်ရာ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အိမ်ရာတွင် နေထိုင်သူများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်နိုင်ရေးအတွက် အားကစားကွင်းများထည့်သွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးအကြံပြုလို သည်များရှိပါကလည်း ဆွေးနွေး အကြံပြုကြစေလိုကြောင်းဖြင့် မှာကြားရာ တပ်မတော်အရာရှိကြီးများနှင့် ရန်ကုန်တိုင်း ဒေသကြီး၊ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဦးလှမိုးတို့က အိမ်ရာအတွင်း အမှိုက် စွန့်ပစ်ဖျက်ဆီးသည့် စနစ်များ၊ မြို့ပြစီမံကိန်းတွင် ပါဝင်သင့်သည့် အချက်များပါဝင်အောင် ထည့်သွင်းတည် ဆောက်ရန်လိုသည့်အခြေအနေများ၊ အဆင့်မြင့်ဥစားကြက်ခြံ လုပ်ငန်းမှ ထွက်ရှိလာသည့် ကြက်ဥများကို အိမ်ရာနေထိုင်သူများအား တန်ဖိုးသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေးနှင့် ပြင်ပဈေးကွက်သို့လည်း ရောင်းချရန် ဆောင်ရွက်နေသည့် အခြေအနေများကို အကြံပြုဆွေးနွေးတင်ပြကြသည်။ အကြံပြုတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များပြန်လည်ဆွေးနွေးခဲ့သည်။

အဆိုပါ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာကို ၂၀၁၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်မှ အငြိမ်းစားယူပြီး ရန်ကုန်မြို့တွင် အခြေချနေ ထိုင်လိုသူများအတွက် စစ်မှုထမ်းဟောင်းမြို့အဖြစ် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အိမ်ရာတွင်နေထိုင်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စားဝတ်နေထိုင်ရေးတို့တွင် လိုအပ်နိုင်မည့် အခြေခံလိုအပ်ချက်များကို ထည့်သွင်း တွက် ချက်ပြီး မြို့ပြစီမံကိန်းအသွင်တည်ဆောက်လျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ အခြားအဆင့်နေအိမ် ၂ ခန်းတွဲ ၆ ထပ် ၇ လုံး(၈၄ခန်း) တည်ဆောက်ပြီးစီးခဲ့ပြီး စစ်မှုထမ်း ဟောင်းများနှင့် မိသားစုများအား နေရာချထားပေးလျက် ရှိကြောင်း၊ ဆက်လက်၍လည်း အခြားအဆင့်နေအိမ် ၂ ခန်းတွဲ ၆ ထပ် ၃ လုံး(၃၆ ခန်း)၊ အခြားအဆင့်နေအိမ် ၄ ခန်းတွဲ ၆ ထပ် ၅၂ လုံး(၁၂၄၈ ခန်း)၊ အရာရှိငယ် နေအိမ် ၄ ခန်းတွဲ ၆ ထပ် ၁၃ လုံး(၃၁၂ ခန်း)၊ အရာရှိကြီးနေအိမ် ၄ ခန်းတွဲ ၆ ထပ် ၁ လုံး(၂၄ ခန်း)နှင့် ဆေးရုံ၊ စာသင်ကျောင်း၊ စာကြည့်တိုက်တို့ကို ဆက်လက်တည်ဆောက်လျက်ရှိကြောင်းနှင့် အခြားအခြေခံလိုအပ်ချက် အဆောက်အဦများနှင့် နေအိမ်များကို ဆက်လက် တည်ဆောက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment