Thursday, March 7, 2019

ပုရစ် စစ်ဆင်ရေး အမှတ်တရ

ပုရစ် စစ်ဆင်ရေး အမှတ်တရ
========★★★=======

Image may contain: 1 person "ဗိုလ်ကြီး ဗိုလ်ကြီး ထ ထ ထဦး"

"အွင် အင်း ဘာဖစ်တာလဲ ဆရာသောင်း"😵😵

"ကျွန်တော်တို့ ကုန်းကို အဝိုင်းခံနေရပီ ဗိုလ်ကြီး"

"ဗုဒ္ဓေါ" 😨😨😨

အိပ်ချင်စိတ်ကလေး ကြက်ပျောက်ငှက်ပျောက် ဘယ်ရောက်ကုန်တယ်မသိ။ နာရီကို ကြည့်တော့ ဆယ်နှစ်ထိုးတော့မည်။ မိုးအကုန် ဆောင်းဝင်ခါစမို့ စိမ့်ဝင်လာသော အအေးဓာတ်မှာ စိုးရိမ်ထိတ်လန့်မှုကြောင့် ဖြစ်ပေါ်လာသော စိတ်အိုက်မှုကို ပယ်ဖျောက်နိုင်စွမ်း မရှိတန်လေ၏ ။

Equipment ကိုကောက်လွယ်၊ ဖိနပ်ကိုကပြာကယာစီးပီး၊ သေနတ်ကိုဆွဲကာ တဲထဲကထွက်လိုက်တော့ ပတ်ဝန်းကျင်ဟာ မြူအချို့နှင့် ပိတ်မှောင်ဖုံးလို့၊ မျက်စိအသားမကျသေးတာလဲ ဖြစ်ပေလိမ့်မည်။

ဆက်သွယ်ရေးမြောင်းထဲ ဝင်လို့ အမှောင်ကို ကျင့်သားရတဲ့တခဏ ဘေးဘီဘင် ဝေ့ကြည့်လိုက်တော့ ကိုယ့်တပ်ခွဲဟာ အရာအားလုံးစနစ်တကျ သူ့နေရာသူ ယူနှင့်ပြီးသား။

"ဗိုလ်ကြီး အကုန်လုံးတော့ နေရာယူခိုင်းထားပီ၊ လက်နက် ခဲယမ်းအကုန်အသင့်ပဲ ဗိုလ်ကြီး"

ကိုယ့်ကိုမြင်တာနဲ့ အလေးပြု သတင်းလာပို့တဲ့ တပ်ခွဲတပ်ကြပ်ကြီးရဲ့စကားကို ခေါင်းတချက်ငြိမ့်ပြလိုက်ရင်း

"အခြေအနေ ဘာထူးသေးလဲ ဆရာကြီး"

"အင်အားကတော့ များတယ် ဗိုလ်ကြီး၊ ကင်းသမားက သတိထားမိချင်း သတင်းလာပို့တာနဲ့ ချက်ချင်းနေရာယူခိုင်းလိုက်တာ"

နာရီဝက်နှင့် တနာရီကြား လမ်းလျှောက်ရသော ရွာသုံးရွာ၏ အလယ်တည့်တည့် ခပ်မြင့်မြင့်တောင်ကုန်းတခုတွင် ကိုယ်တွေတပ်ခွဲ ခံစစ်ကုန်းလုပ်ထားခြင်းဖြစ်ရာ အပေါ်စီးမှကြည့်လျှင် ပတ်ဝန်းကျင်ကို ကောင်းစွာမြင်နိုင်၏ ။ တချက်လေး ငဲ့ကြည့်လိုက်တော့ ကိုယ့်ဆရာကြီး သတင်းပို့တဲ့အတိုင်းပင် တဖက်အင်အားက ၂၅ ၃၀ ခန့်၊ ဒီ့ထက်လဲ ပိုချင်ပိုနိုင်သည်။

ဟူး ခနဲ သက်ပြင်းမောတစ်ခုကို မှုတ်ထုတ်လိုက်ရင်း စိတ်ထဲမဆီမဆိုင်တွေးလိုက်မိသည်က ငါ မိန်းမတောင်မရသေးပါလားရယ်လို့
(ဤတွင် ကြော်ငြာဝင်သည် 😁😁)

မနက်ကမှ ရိက္ခာထုတ်ဖို့ ထုတ်နှုတ်နဲ့ထွက်သွားတဲ့ ညီငယ် တပ်စုမှုးလေးကိုပဲ သတိရမိသလိုလို ဘာလိုလို (သောက်ကျင့်က မကောင်းဘူးရယ်နော်၊ သေဖော်ညှိတာ 😂)၊ တခြားမဟုတ်ပါဘူး၊ ကိုယ့်စခန်းအတွက် အခုလို အရေးဟယ်အကြောင်းဟယ် အခြေအနေမျိုးမှာ လူမလျှော့လိုက်မိရင် ပိုအားတတ်မိတာပေါ့၊ အခု ကိုယ်အပါအဝင်မှ ၂၀ မပြည့်ချင်တဲ့ အင်အားနဲ့ဆိုတော့ သိပ်အားမရတာအမှန်ပဲ။

တဖြည်းဖြည်းနဲ့ ညကနက်လာချေပြီ၊ စခန်းကုန်းအောက်က တချက်တချက် ထွက်ထွက်လာတဲ့ ဆေးလိပ်မီးတချို့ရယ်၊ ဖျတ်ခနဲပေါ်ပီး ပေါ်ရုံနဲ့ ပျောက်သွားတဲ့ မီးရောင်မှိန်မှိန်လေးရယ်၊ နောက် စကားသံ တိုးတိုးအုပ်အုပ်ကလေးတွေရယ်၊ ကိုယ့်စခန်းကုန်းထဲက သက်ပြင်းချသံအချို့ရယ်ကလွဲလို့ ကိုယ့်နှလုံးခုန်သံကို ပြန်ကြားရလောက်အောင် တိတ်ဆိတ်လို့။

"ဗိုလ်ကြီး တချက်တောင်ထိုးတော့မယ်၊ ဟိုဘက်က ဘာမှမထူးသေးဘူး ဗိုလ်ကြီး၊ လူစုနေကြတာလား မသိဘူး"

"ဟုတ်လောက်မယ် ဆရာကြီး၊ သာလွန်အင်အားနဲ့ အပိုင်ချဖို့် လူစုနေတယ်ထင်ပါ့"

"ကျုပ်တို့ကစပီး တွယ်ပလိုက်ရမလား ဗိုလ်ကြီး၊ ဗိုလ်ကြီးအမိန့်ကိုစောင့်နေကြတာ"

"နေဦးဗျ၊ ဟူး ခက်တယ်၊ ခေတ်အခြေအနေလဲ ဆရာကြီးတို့သိနေတာပဲ၊ ကိုယ်ကဦးအောင် ချပြန်တော့လဲ မီဒီယာတွေက ဝိုင်းအော်ဦးမယ်၊ သူက လာတွယ်တော့လဲ ကိုယ့်မိသားစုတွေ အဖေမဲ့ သားမဲ့ လင်မဲ့တွေဖစ်ကုန်ပြန်ရော၊ ဟော ပီးရင် ညံ့လို့ခံရတာ ခံပေါ့၊ စစ်သား စစ်တိုက်လို့သေရတာ ဘာဆန်းလဲဆိုပီး အပြောကခံရဦးမယ်လေ၊ မြေပြင်မှာ ဘလောက်ခက်ခဲတယ်ဆိုတာ မသိကြဘူးလေ"

"ဟုတ်ပါ့ ဗိုလ်ကြီးရာ၊ အခုက သေပီးတာတောင် ကောင်ကောင်းမသေရဘူး ခွေးထပ်ကိုက်ခံရတဲ့ဘဝ"

"ငမ့်"😷

တမျိုးတော့ မထင်ကြလေနဲ့၊ ကိုယ့်ခွဲတပ်ကြပ်ကြီးက ကရင်ကြီး စကားပြောတာပြတ်တယ် 😬

"ဒါနဲ့ ဆရာဆက်ဆီကရော ဘာထူးသေးလဲ"

"ဘာမှမထူးဘူး ဗိုလ်ကြီး၊ မြူတွေကအရမ်းအုံ့နေတော့ လုံးဝဆက်သွယ်လို့မရဘူး"

"ဟူး ခက်ပီ၊ တပ်မှူးဆီက အမိန့်ရမှဖစ်မှာ၊ ကိုယ့်သဘောနဲ့ကိုယ်ဆို စောင့်မနေတော့ဘူး၊ ဆင်းတွယ်ကလိုက်ချင်ပီ"

"ချမယ်ဆိုလဲ ပြောဗျာ၊ ကျုပ်တော့ လက်ယားနေပီ၊ ခမရ (-) အကြောင်း ပြချင်နေတာ"

"နေဦးဗျ၊ ရွာတွေနဲ့ကပ်နေတော့ ရွာသားတွေကိုအတင်းလမ်းပြခေါ်လာမှာစိုးတယ်၊ နောက်ပီး ဓာတ်မီးရောင်ရယ်၊ ဆေးလိပ်မီးရယ်က တချက်တချက်ထွက်ထွက်လာတော့ ငပွေးဆိုရင် ဒီလိုဖစ်မှာမဟုတ်ဘူး"

"အေးဗျ ဟုတ်သား၊ ငါ့ ဗိုလ်ကြီးက ဦးနှောက်ရှိသား"

ငင်၊ တွေ့လား ကရင်ကြီး စကားပြောပြတ်ပါတယ်ဆို၊ တွေးတတ်သားလို့ မပြောဘူး၊ ဒုံးတိကြီး၊ မသိရင် အရင်ကပဲ ဦးနှောက်ပါမလာသလိုလို 😬😬

"ကျနော့်စိတ်ထဲထင့်နေလို့ဗျ၊ ကြာလဲကြာနေပီ၊ ခုထိ ဘာမှမထူးသေးတော့ တမျိုးပဲ"

"ကဲဗျာ ကြာတယ်၊ ကျုပ်တို့ အောက်ဆင်း အကဲခတ်ရအောင်၊ ဗိုလ်ကြီးလဲ အသေဖြောင့်တာပေါ့"

အေးဆို၊ အာ့သလို စကားပြောပြတ်တာ၊ မှတ်ကရော။😬😬

"အင်း ဒါဆို ကျနော်နဲ့ ဆရာသောင်းရယ် ကချင်လေးရယ်သွားမယ်၊ ဆရာကြီး ဒီမှာကွပ်ကဲချေ"

"ဟာ မဟုတ်တာ၊ ဗိုလ်ကြီးက ဒီမှာနေခဲ့ရမှာလေ၊ ကျုပ်တို့ဆင်းမှာပေါ့"

"အာ ဆရာကြီးက အသက်ကြီးပီလေ၊ နောက်ပီး မိသားစုကရှိသေး၊ ကျနော်က လူပျိုဆိုတော့..."

"အောင်မာ ကျုပ်များ အသက်ကြီးပလေး ဘာလေးနဲ့၊ မယုံရင် ဗိုလ်ကြီးရည်းစား ကျုပ်ပေးမလား"

သောက်ခွေးတဲ့မ အသက်မကြီးသေးဘူး ဒီတိုင်ပြောလဲ ရနေတာကို 😷😷😷

"မဟုတ်ဘူးလေ ဆရာကြီးရ၊ ကျနော်ပြောတာက.."

"ကဲ ဗိုလ်ကြီး လျှာမရှည်နဲ့၊ ဗိုလ်ကြီးက ဒီမှာ စခန်းမှူး၊ စခန်းမှာ ဗိုလ်ကြီးမရှိလို့မရဘူး၊ ရှေ့ဆောင်နွားက အရင်သေသွားရင် ကျုပ်လို့ ဘယ်လိုဆက်လုပ်ရမတုန်း"

"ငင့် ဖစ်ပြန်ပဟဲ့ နွား"😷😷

"နောက်ပီး ဗိုလ်ကြီးက နိုင်ငံခြားကပြန်လာတာ၊ စစ်ဆင်ရေးအတွေ့အကြုံလဲ သိပ်ရှိတာမဟုတ်၊ ကျည်ဆံလဲ ရှောင်တတ်မယ့်ပုံမပေါ်ဘူး"

"ဟင် ကျည်ဆံက ရှောင်လို့ရတယ်လား"😷😷

"ဒီတော့ စခန်းမှာပဲနေခဲ့၊ ကျုပ်ရယ် ငသောင်းရယ် ကချင်လေးရယ်သွားမယ်၊ သေစမ်းပါ စခန်းပေါ် အေးအေးဆေးဆေး၊ အောက်မှာ မသေချင်စမ်းပါနဲ့"

ဟယ် ဒီအသေတောထဲကကို မထွက်ဘူး၊ လူက မိန်းမ မရသေးပါဘူးဆို ဝုတ်ဒေ😷😷😷

"ကဲ ထွက်မယ် ဗိုလ်ကြီး၊ နောက် နာရီဝက်နေလို့မှ ပြန်မလာရင်၊ ကျုပ်တို့ ဘယ်တော့မှ ပြန်မလာဘူးမှတ်၊ ကံကောင်းလို့ ဗိုလ်ကြီးမသေခဲ့ရင် ကျုပ်မိန်းမကို စောင့်ရှောက်ပေးပါ"

ထွက်သွားတဲ့ ခွဲတပ်ကြပ်ကြီးရဲ့ ကျောပြင်ကိုကြည့်ရင်း သက်ပြင်းများချမိရုံမှတပါး တခြားမရှိ၊ ဘယ်လောက်ပဲ စကားပြောမတတ် ဒဲ့ကြီးပြောလို့ နင်ရစေကာမူ ရဲဘော်ရဲဘက်စိတ်ကအပြည့်
(ဗိုလ်မများနဲ့တော့ ကွာပါ့ 😑၊ ဤကား စကားချပ်)

နာရီဝက်ဟူသော အချိန်သည်၊ နှစ်တဝက်လောက်စာ ကြာလွန်းဟုထင်ရသည်၊ ရင်တမမ ဖင်တကြွကြွနှင့်၊ ဖြစ်ချင်ရာဖြစ် နာရီဝက်ကြာလို့မှ တက်မလာရင် ကိုယ့်ဘက်က ဆော်တော့မည်၊ ကိုယ့်ရဲဘော်တွေအလောင်းကို မရရအောင်ကောက်မည်။

အားလုံးကိုအသင့်ပြင်ခိုင်း၊ သေနတ်သံကြားရတာနဲ့ စပစ်လို့ အမိန့်ပြတ်ပေးပီး နာရီကိုတချက်ငုံ့ကြည့်မိတော့ မိနစ် ၂၀ ကျော်ပီ၊ ငါလိုက်သွားရင် အကောင်းသားလို့ တွေးလို့မှမဆုံးလိုက်။

"ဗိုလ်ကြီး ဆရာကြီးတို့ ပြန်လာပီ"

ရဲဘော်တယောက်ရဲ့ သတင်းလာပို့ပီး စိတ်ပူတာရော၊ အခြေအနေသိချင်စိတ်ရောကြောင့် စခန်းထဲပြန်ဝင်ကာစ ခွဲတကကတို့ဆီ အပြေးအလွှားကျော်ခွအသွား အနားပင်မရောက်လိုက် တည်ကြည်ခန်ညားသောလေသံကြီးက ဆရာကြီးထံမှ

"မအေယိုးတွေ"

"ဟင် ဆရာကြီး တိုးတိုးပြောလေ၊ ဘာဖစ်တာလား"

"မတိုးနိုင်ပါဘူး၊ ဖစ်နိုင်ရင် ခတက်ပင်ထိကို ကြားအောင်ဆဲချင်တာ၊ ငါလူးတွေ"
(ခတက်ပင် = အမည်လွှဲ ရွာနာမည်)

"ခတက်ပင်က ဘာဖစ်လို့တုန်း"

"ဘာဖစ်ရမလဲ မအေဘေးတွေက ပုရစ်လာတူးကြတာလေ၊ မှောင်နေတော့ စခန်းကုန်းနား ရောက်မှန်းမသိလို့ပါတဲ့"

"ဟာဗျာ"😅😅

"တောက် တော်သေးတယ်၊ ငါ့ဗိုလ်ကြီး ဦးနှောက်ရှိလို့ မဟုတ်ရင် အကုန်မသာပေါ်တော့မှာ"

လုပ်ပြန်ပီ၊ ဒီဦးနှောက်ရှိတာ😒

"များနေပီ၊ တောက် မနက်ဖန်ကျမှ သူကြီးခေါ်ပြောဦးမယ်၊ အကုန်ဒုက္ခရောက်မယ့်အပေါက်"

မတတ်နိုင် မရှိရှိမဲ့ဒေါသလေး သူကြီးကို ပုံချပလိုက်ရမှာပဲ၊ ကိုယ့်ဆရာကြီးပေါ်က ပုံလို့မဖြစ် သူ့ဒဲ့တိုးတွေက ကြောက်ရတယ်

"ပြောမနေနဲ့တော့ ဗိုလ်ကြီး၊ ကျုပ် အာ့ကောင်တွေကို နားပန်ကျင်းခဲ့တယ်၊ နောက်ပီး ရော့ ဒီမှာ"

လားလားလား ကြည့်စမ်း ဟန်းကော နှစ်လုံးနဲ့အပြည့်နီးပါး ပုရစ်တွေ

"တောင်းပန်ပါတယ်ဆိုပီး ခွဲပေးသွားတာပဲ၊ ရော့ ငသောင်း မင့်ဗိုလ်ကြီးကို မနက်ကျ ပုရစ်ကြော်ကြွေးလိုက်၊ ဒီတလုံးယူထားချေ၊ မင်းဗိုလ်ကြီး ငတ်နေတာ"

ငင့် ငတ်နေတာတဲ့၊ ဘာပဲဖစ်ဖစ် အပြောခံရတာ တန်ပါတယ်လေ၊ ကိုယ်လဲ ငတ်နေတာကို😁

"ကဲ ဗိုလ်ကြီး အိပ်တော့၊ ကျုပ် ကျန်တာတွေ ပြန်နားခိုင်းလိုက်တော့မယ်၊ သွားအိပ်ချေတော့"

"ဟုတ်ပီ ဆရာကြီး၊ ဟုတ်ပီ သေနတ်တွေပြန်အပ်ခိုင်းချေ၊ ကျည်တွေကို မနက်ကျမှစစ်တော့"

"အေး အေး ဟုတ်ပီ ဗိုလ်ကြီး"

အာ့သလို၊ ကိုယ်တွေမှာတော့ ရင်တထိတ်ထိတ်နဲ့၊ အကုန်လုံး standby လုပ်ထားရတာ၊ ဟူး ဘာပဲဖစ်ဖစ် တော်သေးတာပေါ့ ငါမိန်းမရဦးမဟဲ့လို့တွေးပီး ခုမှသက်ပြင်းချဖြစ်တယ်။

တဲထဲပြန် စောင်လေးခြုံပီး ကြံကာရှိသေး
နားထဲကန့်လန့်ကြီး ဝင်လာတဲ့ ဆရာကြီးရဲ့ အာပေါင်ရင်းသန်သန်စကားက

"ဟားဟားဟား လွဲချက်ကတော့ကွာ၊ အိမ်ပြန်ရောက်မှ အေးပုကို ပြန်ပြောရမယ်၊ နင်ကံကောင်းလို့ ငါနဲ့ပြန်ညားရတာ၊ မဟုတ်ရင် ငါ့ဗိုလ်ကြီးနဲ့ နင်တို့ညားရမှာလို့၊ တော်သေးတာပေါ့ကွာ ငါတို့ဗိုလ်ကြီး ဦးနှောက်လေးရှိပေလို့ အဟားဟား"

အေးဆို ဦးနှောက်ရှိပါတယ်ဆို ဝုတ်ဒေ😂😂

Crd : လင်းထက်

0 comments:

Post a Comment