Wednesday, March 13, 2019

ပြည်တွင်းစစ်နဲ့ တိုက်လေယာဉ်အသုံးပြုမှု

ပြည်တွင်းစစ်နဲ့ တိုက်လေယာဉ်အသုံးပြုမှု
========================
No photo description available.
မြန်မာ့တပ်မတော်က ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရေးမှာ တိုက်လေယာဉ်တွေ အသုံးပြုတာ law of war နိုင်ငံတကာဥပဒေတွေကို ဖောက်ဖျက်ရာမကျပါဘူး။
စစ်ပွဲဆိုင်ရာဥပဒေတွေနဲ့ ပက်သက်ရင် နားလည်မှုလွဲနေကြတာတွေရှိပါတယ်။
ဥပမာ လေထီးဆင်းလာတဲ့ရန်သူ့လေထီးတပ်သားတွေ မြေပြင်ကိုမရောက်ခင် မိမိကပစ်ခတ်တိုက်ခိုက်ခြင်းမပြုရ ဆိုတဲ့အချက်မျိုးဖြစ်ပါတယ်။
အမှန်က လေကြောင်းချီတပ်တွေလေထီးဆင်းလာရင် လေထဲမှာရှိနေတုန်း မိမိကပစ်ခတ်တိုက်ခိုက်လို့ရပါတယ်။
လေယာဉ်ပျက်ပြီး လေထီးနဲ့ခုန်ဆင်းလာသူမျိုးတွေကိုသာ လေထဲရှိနေစဉ်မှာ ပစ်ခတ်သတ်ဖြတ်ခွင့် မရှိတာဖြစ်ပါတယ်။
ဒါနဲ့ပက်သက်ရင် Geneva Convention ရဲ့ Additional Protocol 1 article 41-1 နဲ့ 41-3 မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။
ဒီလိုအမှတ်မှားမှုတွေ ရှိနေရာကနေတဆင့် ''ပြည်တွင်းစစ်မှာ တိုက်လေယာဉ်မသုံးရ'' ဆိုတဲ့ အယူအဆအမှားဟာလည်း ပေါ်ထွက်လာခဲ့ပုံရပါတယ်။
ဒါကြောင့် Myanmar Armed Forces Review page အနေနဲ့ ပြည်တွင်းစစ်မှာ တိုက်လေယာဉ်/ တိုက်ခိုက်ရေးရဟတ်ယာဉ်သုံးလို့ရလားဆိုတာကို ရှင်းလင်းတင်ပြလိုပါတယ်။
ဒါနဲ့ပက်သက်ပြီးပြောရရင် ပြည်တွင်းစစ်ဆိုတာကို စရှင်းပြရပါမယ်။
ပထမအချက်ကတော့ Law of War တွေမှာ ပြည်တွင်းစစ် civil war လို့ သုံးနှုန်းတာ လုံးဝမရှိပါဘူး။
International armed conflict နိုင်ငံတကာလက်နက်ကိုင်ပဋိပက္ခနဲ့ non international armed conflict /internal armed conflict နိုင်ငံတကာပါဝင်မှုမရှိတဲ့လက်နက်ကိုင် ပဋိပက္ခ/ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ လို့ဘဲ တရားဝင်သုံးနှုန်းပါတယ်။
တရားဝင်ရပ်တည်တဲ့ အစိုးရ legitimate government ရဲ့ တရားဝင် တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်ခိုက်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ပဋိပက္ခတွေကို non international armed conflict/ internal armed conflict လို့ပဲ သတ်မှတ်ထားပါတယ်။
Non international armed conflict ဖြစ်တဲ့ ပြည်တွင်းသောင်းကျန်းမှုမှာ Additional Prrotocol 1 ရဲ့ Article 43-1 အရ တရားဝင်တပ်မတော်တစ်ရပ်ရော သောင်းကျန်းသူအဖွဲ့များဟာ international law တွေကို လိုက်နာရမှာ ဖြစ်ပါတယ်။
ဒါကြောင့် Non international armed conflict ပက်သက်ရင်လည်း Geneva Convention နဲ့ additional protocol တွေအပါအဝင် law of war နဲ့ IHL-International Humanitarian Law တွေမှာ ဘာမှများများစားစား သီးသန့် ဖော်ပြထားတာမရှိပါဘူး။
Non international armed conflict နဲ့ပက်သက်ပြီး Additional.Protocol II လို့ လူသိများတဲ့ the Protection of Victims of Non-International Armed Conflicts (Protocol II),
Protocol Additional to the Geneva Conventions တစ်ခုမှာပဲ သီးခြားဖော်ပြထားတာရှိပါတယ်။
ဒီ protocol ကလည်း စစ်ဘေးဒဏ်ခံရသူတွေကို အကာအကွယ် ပေးနိုင်ရေးအတွက်သာ ရည်ရွယ်ထားတာဖြစ်ပါတယ်။
၁၉၄၉ ဂျနီဗာကွန်ဗင်းရှင်း 3 ရဲ့ Article 3 မှာတော့ non international armed conflict မှာ စစ်သုံ့ပန်း၊ ဒဏ်ရာရသူ၊ နာမကျန်းသူတွေနဲ့ ပက်သက်ပြီး ဘယ်လိုဆောင်ရွက်/လိုက်နာရမလဲဆိုတာကို ဖော်ပြထားပါတယ်။
လက်နက်နဲ့ပက်သက်ရင်တော့ non international armed conflict မှာ သာမက international armed conflict တွေမှာတောင် ''ဘယ်လက်နက်မသုံးရဘူး'' လို့တိတိကျကျသတ်သတ်မှတ်မှတ် ပိတ်ပင်ထားတာ တစ်ခုမှမရှိပါဘူး။
Additional Protocol 1 ရဲ့ Article 35-2 မှာတော့ ''အလွန်အမင်းထိခိုက်ပျက်စီးစေနိုင်မဲ့ လက်နက်တွေ/ နည်းလမ်းတွေ/ ပစ္စည်းတွေ မသုံးရ'' လို့ ပိတ်ပင် တားမြစ်ထားတာ တွေ့ရပါတယ်။
၁၉၈၀ မှာ ထုတ်ပြန်ခဲ့တဲ့ CCW လို့ခေါ်တဲ့ Convention on Prohibitions or Restrictions on the Use of Certain Conventional Weapons Which May be Deemed to be Excessively Injurious or to Have Indiscriminate Effects (ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်တဲ့ သမားရိုးကျ လက်နက်များ ပိတ်ပင်ကန့်သတ်ရေးကွန်ဗင်းရှင်း) မှာလည်း တိုက်လေယာဉ် အသုံးပြုတာနဲ့ပက်သက်ပြီး ပိတ်ပင်ထားတာ မရှိပါဘူး။
လက်နက်အသုံးပြုမှုပိတ်ပင်တာနဲ့ပက်သက်ရင် WMD ပိတ်ပင်တာ၊ မိုင်း/ထောင်ချောက်/မျက်စိကန်းစေတဲ့လေဆာ စတာတွေပိတ်ပင်တာ၊ မီးလောင်ဗုံးနဲ့ ကလပ်စတာဗုံး ပိတ်ပင်တာ စတာတွေသာ ရှိပါတယ်။ Convention on Cluster Munitions ၊ Ottawa Treaty စတာတွေဖြစ်ပါတယ်။
မိုင်းအသုံးပြုမှုကိုတောင် လုံးဝပိတ်ပင်တာမဟုတ်ဘဲ သတ်မှတ်ချက်အတိုင်းအသုံးပြုဖို့သာ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
နိုင်ငံတကာ ကွန်ဗင်းရှင်းအားလုံးရဲ့ရည်ရွယ်ချက်က အဆင်အခြင်မဲ့ တိုက်ခိုက်ခြင်းမပြုရေး၊ အစုအပြုံလိုက် သေစေနိုင်မဲ့ လက်နက်များ အသုံးမပြုရေး၊ ထိခိုက်ဒဏ်ရာရ/ တိုက်ပွဲမဝင်နိုင်တဲ့ စစ်သည်များကို အကာအကွယ်ပေးရေး၊ ပြည်သူများကို အကာအကွယ်ပေးရေး စတဲ့ အချက်များကို ဦးတည်ပါတယ်။
အားလုံးကို ခြုံကြည့်ရင်တော့ . . . ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခမှာ တိုက်လေယာဉ်/ လေကြောင်းတိုက်ခိုက်မှု မလုပ်ရဘူးလို့ . . . သတ်မှတ်ထားတာ လုံးဝမရှိတာ တွေ့ရပါတယ်။
ဒါကြောင့် ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရေးမှာ မြန်မာ့တပ်မတော်က တိုက်လေယာဉ်/တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ သုံးတာဟာ Geneva Conventions တွေအပါအဝင် နိုင်ငံတကာ စစ်ပွဲဆိုင်ရာဥပဒေများနဲ့ အကြုံးဝင်ပါတယ်။ ဥပဒေချိုးဖောက်မှု လုံးဝမဟုတ်ပါဘူး။
တကယ်လို့ တပ်မတော်က တိုက်လေယာဉ်/ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ လူနေမြို့ရွာတွေကို အကြောင်းမဲ့ သက်သက်ဗုံးကြဲ/ပစ်ခတ် တိုက်ခိုက်ခဲ့ရင်၊ ဒါမှမဟုတ် မြို့ရွာတွေထဲက ပြည်သူတွေကိုပါ ထိခိုက်နိုင်တာကို သိလျက်နဲ့ ပြည်သူတွေကြားက သောင်းကျန်းသူတွေကို ဗုံးကြဲ/ ပစ်ခတ်တိုက်ခိုက်ခဲ့ရင် Geneva Conventions နဲ့ law of war တွေကို ချိုးဖောက်ရာကျပါတယ်။
ဒါ့အပြင် သောင်းကျန်းသူတွေကို လေကြောင်းက တိုက်ခိုက်တဲ့နေရာမှာ မီးလောင်ဗုံးတွေ၊ ကလပ်စတာဗုံးတွေ၊ ဇီဝ/ ဓါတုလက်နက်တွေ အသုံးပြုခဲ့ရင်လည်း law of war တွေကို ချိုးဖောက်ရာ ကျမှာဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိမှာ မြန်မာ့တပ်မတော်ဟာ သောင်းကျန်းသူသီးသန့်နေထိုင်တဲ့ စခန်းတွေ/ နေရာတွေ တနည်းအားဖြင့် စစ်ဘက်ဆိုင်ရာတရားဝင်ပစ်မှတ်တွေ legitimate military targets ကိုသာ တိုက်လေယာဉ်/တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကနေ သမားရိုးကျ ဗုံးတွေ၊ ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာ့တပ်မတော်ရဲ့ ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရေးမှာ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာဟာ နိုင်ငံတကာဥပဒေများနဲ့အညီသာဆောင်ရွက်ခြင်း ဖြစ်ကြောင်း Myanmar Armed Forces Review page အနေနဲ့ တင်ပြလိုက်ပါတယ်။

0 comments:

Post a Comment