
စစ်သားတယောက်၏ခြေထောက်
************************
စစ်သားဆိုတာ
ကြုံရာဒေသ ကျသည့်တာဝန်
စေညွှန်သမျှ သူ့ဘဝကို
နေ့ညမရွှေး ဖြည့်စွက်ပေးဖို့
တွေးတောကြံဆ နေတတ်သူ။

စစ်သားဆိုတာ
ဘယ်ညာခြေလှမ်း ကြမ်းသည့်တောတောင်
အခေါင်မြင့်ဖျား လျှို မြောင်ကြားမှာ
စွန့်စားချီတက် မျှော်လင့်ချက်နှင့်
ရှေ့ဆက်တိုက်ပွဲ ဝင်ခဲ့သူ။
စစ်သားဆိုတာ
ဆာတယ်မရှိ သတိမကွာ
သူငါအိပ်စက် ညဥ့်နက်နက်မှာ
မျက်စိကိုဖွင့် နားကိုစွင့်လို့
အိပ်ခွင့်ပျောက်ဆုံး နေတတ်သူ။
စစ်သားဆိုတာ
ခန္ဓာနာမ်ရုပ် တစ်ဆုပ်ပဲကျန်
ရန်ဟူသမျှ အောင်ပွဲရဖို့
သောကမစဲ ရဲ(၃)ရဲနှင့်
တိုက်ပွဲတိုင်းလည်း နိုင်ခဲ့သူ။
စစ်သားဆိုတာ
မေတ္တာနှလုံး အပြုံးနှင့်လူ
အိမ်သူမယား သမီးသားနှင့်
စားဝတ်နေရေး အိမ်တွင်းရေးထက်
တိုင်းရေးပြည်ရေး တွက်ခဲ့သူ။
စစ်သားဆိုတာ
ပြည်ရွာအတွက် ခေါင်း ခြေ လက်မို့
သွေးသက်ခန္ဓာ ပျက်စီးရှာလည်း
သစ္စာအဓိဋ္ဌာန် သေနည်းမှန်လို့
နိဗ္ဗာန်ခရီး နီးခဲ့သူ။
စစ်သားဆိုတာ
သူငါလူထု တောင့်တမူထက်
ယခုနောက်ထပ် စစ်ပွဲရပ်လို့
တပ်မှာဝန်ထမ်း ထိုနည်းလမ်းနှင့်
ငြိမ်းချမ်းရေးပဲ လိုလားသူ။
သြော်. . . . .
စစ်သားသည်ကား တို့ဖွားသောမြေ
တို့နေသောမြို့ တို့သာသနာ
တို့ဘာသာကို ကာကွယ်လို့ပေး
တည်တံ့ရေးတွက် သွေးသက်မြေကျ
မာန်မချသည်
အာဂလူသား
များပင်တကား။ ။
Credit.သွန်းမိုးဆက် (ပခုက္ကူ )
0 comments:
Post a Comment