Friday, March 29, 2019
Breaking News
Breaking News
တောင်ယာသွားသည့် မန်လီရွာသားများ မိုင်းနင်းမိ ၃ ဦးသေ ၄ ဦး ဒဏ်ရာရ
မတ်လ ၃၀ ရက်၊ နမ္မတူ။
ယနေ့ မတ်လ ၃၀ ရက် နံနက် ၆ နာရီဝန်းကျင်တွင် မန်လီကျေးရွာနှင့် ၁ မိုင်ခန့်ဝေးသည့် တောင်ယာ၌ကျေးရွာသားများက ခြံရှင်းရန်သွားရာမှ တဲအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၃ ဦး ပွဲချင်းပြီး သေဆုံးသွားကာ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
မန်လီကျေးရွာသူ ဒေါ်စံခမ်းက "တဲနားလေးမှာ သူတို့အလုပ်မဆင်းသေးဘူး။ အိုက်လောင်ဆိုတဲ့ ကလေးတစ်ယောက်က တဲနားလေးလျှောက်သွားပြီးတော့ ဖုန်းအခွံသွားတွေ့တာ။ အဲဒါကို ကောက်လိုက်ချိန်မှာ ပေါက်တာ။ သူရော သူ့အနီးနားက အိုက်ဟိန်းနဲ့ မအေးအောင်ရော ထိပြီး သေသွားခဲ့တယ်။ ကျန်တဲ့လူ ၄ ယောက်ရော ထိတယ်" ဟု မားနဂါးသတင်းဂျာနယ်သို့ ပြောသည်။
သေဆုံးသွားသူများထဲတွင် အိုက်လောင် (၁၂နှစ်)၊ မအေးအောင် (၄ တန်းကျောင်းသူ)နှင့် အိုက်ဟိန်းတို့ဖြစ်ကြသည်။
ဒဏ်ရာရသူများထဲတွင် စိုးရိမ်ရသည့် ၁ ဦးပါဝင်နေပြီး ကျန် ၃ ဦးမှာ ရင်ဘက်နှင့်ခြေထောက်များကို ထိခိုက်ခဲ့ကြောင်း သိရသည်။
"ကျွန်မတို့ အိပ်ယာထခါစရှိသေးတယ်။ အသံကြားလိုက်လို့ ထလာတယ်။ အော်သံတွေ၊ ငိုသံတွေ ရွာထဲမှာ ဆူညံကုန်ပြီလေ။ မိုင်းထိမှန်းသိတော့ အကုန်လုံးသွားဝိုင်းကူကြရတာ" ဟု ဒေါ်စံခမ်းက ဆက်ပြောသည်။
အဆိုပါ ဒဏ်ရာရသူများကို နယ်စည်းမခြားပရဟိတ လူမှုကူညီရေးအသင်းမှ သီပေါဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီ ဖြစ်သည်။
မန်လီကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ပထမအပတ်တွင် RCSS နှင့် TNLA၊ SSPP ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်။
#ဓာတ်ပုံ- ခပ်ဆိုးဆိုးကလေးခလေးလေး
Marnagar News Journal
0 comments:
Post a Comment