ထောက်လှမ်းရေးဆိုတာ
==============
အီရတ်စစ်ပွဲအပြီးမှာ ထွက်ပြေးပုန်းရှောင်သွားတဲ့ ဆက်ဒမ်ဟူစိန်ကို အမေရိကန်တွေက HVT 1 (High Value Target number one) အဖြစ် သတ်မှတ်ပြီး ဖမ်းဆီးဖို့ဆောင်ရွက်ခဲ့ပါတယ်။
၂၀၀၃ ဒီဇင်ဘာ ၁၃ ရက်နေ့မှာတော့ တီကရစ်အနီးက အက်ဒ် ဒါဝါ ဆိုတဲ့ရွာလေးမှာ
အမေရိကန် Delta Force တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပက်သက်ရင် Delta Force တွေဆောင်ရွက်ခဲ့တဲ့ Operation Red Down ဆိုတဲ့ စစ်ဆင်ရေးကိုပဲ လူတွေက သိခဲ့ကြပါတယ်။
Delta Force တွေ ဝင်စီးနိင်အောင် ဆက်ဒမ်ပုန်းနေတဲ့နေရာအတိအကျကို ဘယ်လိုထောက်လှမ်း ဖော်ထုတ်ခဲ့လည်းဆိုတာကိုတော့ တော်တော်များများက သတိမမူခဲ့မိကြပါဘူး။
ကျွန်တော်ကတော့ သတင်းအတိအကျရလို့ ဝင်ဖမ်းနိုင်တဲ့ Delta Force တပ်ဖွဲ့ကို သိပ်မချီးကျူးပါဘူး။ တည်နေရာကို ဖော်ထုတ်ပေးနိုင်တဲ့ ထောက်လှမ်းရေးသမားတွေကိုပဲ ချီးကျူးခြင်ပါတယ်။
ဆက်ဒမ်ဟူစိန်ကို ဘယ်လိုထောက်လှမ်းခဲ့လည်းဆိုတာကို မျှဝေပေးခြင်ပါတယ်။
ထောက်လှမ်းရေးကို ဘယ်သူဦးဆောင်လဲ
=========================
ဆက်ဒမ်ဟူစိန်လို HVT 1 ကိုဖမ်းဖို့အတွက် အမေရိကန်ရဲ့ ထိပ်တန်းထောက်လှမ်းရေးအဖွဲ့အစည်းတွေက တာဝန်ယူဆောင်ရွက်မယ်လို့ သာမန်အားဖြင့် ယူဆစရာဖြစ်ပါတယ်။
ဒါပေမဲ့ အမှန်တကယ်ကတော့ အီရတ်မြောက်ပိုင်းကို တာဝန်ယူရတဲ့ အမှတ်(၄) ခြေလျင်တပ်မရဲ့ လက်အောက်ခံ အမှတ် (၁) တပ်မဟာရဲ့ ထောက်လှမ်းရေးအရာရှိ ဗိုလ်မှုှုး Brain Reed နဲ့ တပ်ကြပ်ကြီး Eric Maddox တို့ကသာ တာဝန်ခံဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်ထဲမှာမှ စစ်ကြောမေးမြန်းရေးကျွမ်းကျင်သူ တပ်ကြပ်ကြီး Maddox က မြေပြင်မှာ လက်တွေ့ဦးစီးဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်တပ်မတော်ထောက်လှမ်းတပ် ဖွဲ့စည်းပုံကိုသိထားရင် ပိုမိုနားလည်နိုင်မှာဖြစ်လို့ ဖော်ပြပေးလိုက်ပါတယ်။
အမေရိကန်တပ်မတော်မှာ တပ်မကြီးအဆင့်ကို ထောက်လှမ်းရေးတပ်မဟာတစ်ခု တွဲဖက်ပေးပါတယ်။
ဒါကြောင့် တပ်မတစ်ခုမှာ ထောက်လှမ်းရေးတပ်ရင်း တစ်ရင်း၊ တပ်မဟာတစ်ခုမှာ ထောက်လှမ်းရေးတပ်ခွဲ တစ်ခွဲ ထပ်ဆင့် ဖြန့်ခွဲပေးထားပါတယ်။
ဒီထောက်လှမ်းရေးတပ်တွေဟာ UAV နဲ့ထောက်လှမ်းးတာအစ၊ ဆက်သွယ်မှုကြားဖြတ်ထောက်လှမ်းတာအလယ်၊ စစ်ကြောမေးမြန်းရေးအဆုံး အကုန်တာဝန်ယူရပါတယ်။
ဒီတပ်တွေရဲ့တာဝန်က သက်ဆိုင်ရာခြေလျင်တပ်တွေကို ရန်သူ့သတင်းနဲ့ပက်သက်ပြီး ထောက်လှမ်းတင်ပြပေးဖို့ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဒီတာဝန်ဟာ Maddox တို့အပေါ်ကျရောက်လာတာ ဖြစ်ပါတယ်။
ဘယ်နည်းလမ်းနဲ့ထောက်လှမ်းလဲ
====================
ဆက်ဒမ်ဟူစိန်ကိုရှာဖွေဖို့စီစဉ်ရာမှာ အစပိုင်းမှာ အမေရိကန်တပ်မတော်ထဲမှာ အယူအဆနှစ်ပိုင်းကွဲခဲ့ပါတယ်။
အရာရှိကြီးတွေအများစုကတော့ "ဆက်ဒမ်ဟူစိန်ဟာ သူ့အောက်မှာတာဝန်ထမ်းဆောင်ဖူးတဲ့ အရာရှိကြီးတွေရဲ့ အကာအကွယ်နဲ့ ပုန်းနေတယ်" လို့ယူဆခဲ့ပါတယ်။
Maddox နဲ့ Reed ကတော့ "ဆက်ဒမ်ဟာ သူ့လက်အောက်မှာ တာဝန်ထမ်းဖူးတဲ့သူတွေက မထင်မရှားနဲ့ ဆွေမျိုးနီးစပ်သူတွေရဲ့ အကာအကွယ်အောက်မှာ ပုန်းနေမယ်" လို့ ယူဆခဲ့ပါတယ်။
ဒါတွေဟာ instinct နဲ့ယူဆချက်တွေပဲဖြစ်လို့ သက်သေပြစရာတော့မရှိပါဘူး။
ဒါပေမဲ့ နောက်ဆုံးမှာ အထက်အရာရှိတွေဟာMaddox နဲ့ Reed တို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပေးခဲ့ပါတယ်။
Social - Network Analysis
====================
Maddox နဲ့ Reed မှာ ကြီးမားတဲ့ အခက်အခဲရှိခဲ့ပါတယ်။
SIGINT (Signal Intelligence) လို့ခေါ်တဲ့ ဆက်သွယ်မှုကြားဖြတ်ထောက်လှမ်းရေးဟာ ဆက်ဒမ်လိုပါးနပ်တဲ့ ပစ်မှတ်တစ်ခုကို ခြေရာခံထောက်လှမ်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပါဘူး။
ဒါကြောင့် HUMINT (Human Intelligence) လို့ခေါ်တဲ့ လူနဲ့ထောက်လှမ်းဖို့ ဆောင်ရွက်ခဲ့ပါတော့တယ်။
ဒါပေမဲ့ ပြသာနာက စစ်ရှုံးပြီး အုပ်ချုပ်ရေးယန္တရားပြိုလဲကာ အရင်အစိုးရနဲ့ပက်သက်သူတွေထဲမှာ ခြေရာဖျောက်ပြေးတဲ့သူကပြေး၊ သောာင်းကျန်းသူဖြစ်တဲ့သူကဖြစ် ဒီလိုရှုပ်ထွေးနေတဲ့အချိန်မှာ ဘယ်သူတွေကို စပြီး ဖမ်းဆီး/ စစ်ဆေးရမလဲဆိုတဲ့ ပြသာနာဖြစ်ပါတယ်။
သမားရိုးကျ ထောက်လှမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ဘယ်လိုမှအစဉ်မပြေတာ Maddox နဲ့ Reed တို့တွေ့လာခဲ့ပါတယ်။
ဒါကြောင့် လူမှုရေးသိပ္ပံ (Sociology) PhD သင်တန်းသားဖြစ်တဲ့ Reed ဟာ လူမှုရေးသိပ္ပံပညာကို အသုံးချပြီး ဆွေမျိုးမကင်းတော်သူတွေ၊ လူမှုရေးအရနီးစပ်သူတွေကို ဆက်စပ်မှုဇယား chart ရေးဆွဲခဲ့ပါတယ်။
ဒီလိုဆောင်ရွက်တာကို social - network analysis လို့ ခေါ်ဆိုခဲ့ပါတယ်။
ဒီ social network ကို အင်တာနက်ပေါ်က social network နဲ့ မမှားစေချင်ပါဘူး။ Maddox နဲ့ Reed တို့ရဲ့ social network ဟာ လက်တွေ့နယ်ပါယ်က လူမှုအသိုင်းအဝိုင်းကို ဆိုလိုတာ ဖြစ်ပါတယ်။
Social - Network Analysis chart ဟာ သိပ်ထူးထူးခြားခြားမဟုတ်ပါဘူး။ သာမန် tree diagram နဲ့ သိပ်မကွာပါဘူး။ Chart ကိုဆွဲတဲ့ logic ကသာ ဆန်းသစ်တာဖြစ်ပါတယ်။
ထောက်လှမ်းရေးလုပ်ငန်းတော်တော်များများကတော့ tree diagram နဲ့ မကင်းကြပါဘူး။
ဒါပေမဲ့ Maddox နဲ့ Reed ရဲ့ chart က သမားရိုးကျဖြစ်တဲ့ "ဖမ်းဆီးရမိတဲ့သူတွေပေါ်မူတည်ရေးဆွဲတဲ့ chart" မဟုတ်ဘဲ "ဘယ်သူတွေကိုဖမ်းဆီး စစ်ကြောမလဲဆိုတဲ့ chart" ဖြစ်ပါတယ်။
ပိုကြီးမားတဲ့အခက်အခဲ
=============
Social - Network Analysis နည်းနဲ့ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ဒီ chart ထဲမှာ ထည့်ဆွဲဖို့ ဆက်ဒမ်နဲ့နီးစပ်သူတွေကို ဘယ်လိုရှာကြမလဲဆိုတဲ့ အခက်အခဲကြုံခဲ့ရပါတယ်။
ကိုယ့်နိုင်ငံမှာဆိုရင်တော့ ဒီလိုလူတွေရှာဖွေရတာမခက်ခဲပေမဲ့ အီရတ်နိုင်ငံလို လူမျိုးမတူ၊ ယဉ်ကျေးမှုမတူ၊ ဘာသာမတူ၊ စကားမတူ စတဲ့ကွဲပြားမှုတွေရှိနေတဲ့ နိုင်ငံမှာတော့ အမေရိကန်တွေအတွက်မလွယ်လှပါဘူး။
အထူးသဖြင့် ဆက်ဒမ်ဟူစိန်ရဲ့အတွင်းစည်း (inner circle) တွေဟာ ပိပိရိရိပုန်းအောင်းနေကြတဲ့အပြင် သူတို့ကိုထောက်ခံသူတွေကလည်း အများအပြားရှိနေပါတယ်။
ဒါကြောင့် အတွင်စည်းကလူတွေရဲ့အမည်ကို သိရဖို့တောင် တော်တော်ခက်ခဲခဲ့ပါတယ်။
ဓါတ်ပုံသဲလွန်စ
=========
ဒီအချိန်မှာ Maddox ဟာ ဓါတ်ပုံတွေကို အသုံးပြုဖို့စိတ်ကူးရခဲ့ပါတယ်။
မြေပြင်မှာ ရသလောက်ဖော်ထုတ်ပြီး ဖော်ထုတ်လို့ရတဲ့သူတွေကို စစ်ကြောရေးပြုလုပ်နေတဲ့အချိန်မှာ Maddox ဟာ ဆက်ဒမ်ဟူစိန်နဲ့ အခြားသူတွေတွဲရိုက်ထားသမျှဓါတ်ပုံတွေ၊ ဆက်ဒမ်ဟူစိန်ကိုရိုက်ပေမဲ့ နောက်ခံမှာ တခြားသူတွေပါတဲ့ ဓါတ်ပုံတွေကို စုဆောင်းခဲ့ပါတယ်။
ပြီးတော့မှာ ဓါတ်ပုံထဲမှာ ပါတဲ့သူတွေထဲက ဆွေမျိုးတော်စပ်သူ၊ အလုပ်သဘောအရနီးစပ်သူတွေကို ဆွဲထုတ်ပါတယ်။
ဓါတ်ပုံထဲမှပါတဲ့အနေအထား၊ ပါတဲ့အကြိမ်အရေအတွက် စတာတွေပေါ်မူတည်ပြီး Maddox နဲ့ Reed ဟာ သူတို့ရဲ့ Social - Network Analysis chart ထဲ ထည့်ဆွဲသင့်တဲ့လူတွေကို ရွေးထုတ်ပါတယ်။
ဒီလိုရွေးတဲ့အချိန်မှာ Maddox တို့ဟာ ရာထူးငယ်ပြီး နီးစပ်မှုရှိသူတွေကိုသာ ဦးစားပေးရွေးထုတ်ခဲ့ပါတယ်။
ဒီနေရာမှာ ဗျူရိုကရေစီစနစ်ကြောင့် ပြုံးစရာအချို့ဖြစ်ခဲ့ပါသေးတယ်။
Maddox တို့ဟာ သူတို့ရဲ့ chart မှာ ဆက်ဒမ်ရဲ့ ထိပ်တန်းအရာရှိတွေကို မထည့်ပါဘူး။
ဒီထိပ်တန်းအရာရှိတွေကိုယ်တိုင် ပြေးလွှား ပုန်းအောင်းနေရသူတွေဖြစ်လေတော့ ဆက်ဒမ်ကို ဖွက်ပေးထားဖို့ဆိုတာဟာ မဖြစ်နိုင်ဘူးလို့ Maddox တို့က ယူဆထားပါတယ်။
ဒါပေမဲ့ အထက်အရာရှိတွေက လာရောက် စစ်ဆေးချိန်မှာ ထိပ်တန်းခေါင်းဆောင်တွေမပါတဲ့ Social - Network Analysis chart ကို ပြဿနာရှာကြပါတယ်။
ဒါနဲ့ပဲ Maddox တို့ဟာ chart ၂ ခုပြုစုလိုက်ပါတယ်။ တစ်ခုက အထက်အရာရှိတွေလာရင် အစစ်ဆေးခံဖို့ အထက်အရာရှိတွေ ဖြစ်စေချင်သလို နာမည်ကြီးခေါင်းဆောင်တွေ ထည့်ဆွဲထားတဲ့ chart ဖြစ်ပါတယ်။
နောက် chart တစ်ခုကတော့ သူတို့ တကယ်အလုပ်လုပ်ဖို့ chart ဖြစ်ပါတယ်။
လမ်းကြောင်းမှန်ပေါ်ရောက်လာခြင်း
=====================
ဖမ်းမိလို့ရတဲ့သူတွေကိုစစ်ဆေးလိုက်၊ chart ထဲကလူတွေကို ရှာဖွေဖမ်းဆီးစစ်ဆေးလိုက် လုပ်နေရင်း စစ်ကြောချက်အသစ်တွေပေါ်မူတည်ပြီး chart ကို အမြဲ update လုပ်ခဲ့ပါတယ်။
အအာဏာရှင်တွေဟာ ဆွေမျိုးမကင်းသူတွေ၊ တနယ်တည်းသားတွေကိုသာ အတွင်းစည်းမှာ ထားလေ့ရှိတာ Maddox တို့က သိထားပါတယ်။
နောက်တခါ ဆက်ဒမ်ဟူစိန်ဟာ ၁၉၅၉ က မအောင်မြင်တဲ့အာဏာသိမ်းမှုအပြီးမှာ မွေးရပ်မြေ တီကရစ်ကနေတဆင့် ဆီးရီးယားကို ထွက်ပြေးဖို့ ကြိုးစားဖူးပါတယ်။
ဒါကြောင့် Maddox ဟာ ဆက်ဒမ်နဲ့အမျိုးတော်သူ၊ ဆက်ဒမ်ရဲ့အနားမှာတာဝန်ထမ်းဆောင်ခဲ့သူ၊ တီကရစ်ဒေသမှာလည်း နေထိုင်သူ စတဲ့အချက်နဲ့ ကိုက်ညီသူတွေကို အဓိက သင်္ကာမကင်းဖြစ်ခဲ့ပါတယ်။
ဒီလို ပစ်မှတ်ထားရှာဖွေခဲ့ရာမှာ လူတော်တော်များများတွေ့ရှိခဲ့ပါတယ်။
ဒီအထဲမှာမှ Musslit လို့မျိုးရိုးနာမည်ရှိသူတွေထဲက လူ ၄၀ ဟာ ဆက်ဒမ်ဟူစိန်ရဲ့ သက်တော်စောင့်တွေအဖြစ် အများစုတာဝန်ထမ်းဆောင်ပြီး အချို့က ယာဉ်မောင်းတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ကို Maddox တို့ သတိထားမိပါတယ်။
ပိုထူးခြားတာက Musslit မျိုးရိုးဟာ တီကရစ်ဒေသမှာ ဆွေကြီးမျိုးကြီးဖြစ်နေတာပဲ ဖြစ်ပါတယ်။
ဆက်ဒမ်ဟူစိန်ဆီမှာ အမှုထမ်းခဲ့တဲ့ Musslit တချို့ဟာ သောင်းကျန်းသူတွေဖြစ်သွားပေမဲ့ တချို့ဟာ တီကရစ်မှာပဲ ရိုးရိုးကုပ်ကုပ်နေတာ တွေ့ရပါတယ်။
Maddox တို့ဟာ Musslit မျိုးရိုးတချို့အပါအဝင် တီကရစ်က မသင်္ကာသူတွေကို သူတို့ရဲ့ social network chart ထဲမှာ ထပ်ထည့်ပြီး အခြားထောက်လှမ်းရေးသတင်းနဲ့ စစ်ကြောချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးရာမှာ Rudman al-Musslit နဲ့ Mohammad al-Musslit တို့ဟာ ဆက်ဒမ်နဲ့ ဆက်သွယ်နေနိုင်တယ်လို့ ယူဆစရာ အချက်တွေ တွေ့လာရပါတယ်။
Mohammad ဟာ ဆက်ဒမ်ရဲ့ယာဉ်မောင်းတွေထဲက တစ်ဦးဖြစ်ပါတယ်။
ဒါကြောင့် Mohammad ကို ဖမ်းမိဖို့ဦးစားပေးဆောက်ရွက်ခဲ့ပါတယ်။

HVT 1 ဆက်ဒမ်ဟူစိန် နေရာသိပြီ
=====================
Mohammad ကို ဖမ်းဖို့အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမဲ့ မရိပ်မိအောင်ဆောင်ရွက်ရတာဖြစ်လို့ ၃ ကြိမ်လောက် အထိ မမိခဲ့ပါဘူး။
ဒါပေမဲ့ ထပ်မံတွေ့ရှိရတဲ့ ဓါတ်ပုံတွေအရ Mohammad နဲ့ ဆက်ဒမ်ဟူစိန်အဆက်အသွယ်ရှိနိုင်တာ သေခြာလာပါတယ်။
တကြိမ်မှာတော့ Mohammad ကို ဖမ်းဖို့ကြိုးစားရင်း ငွေသား ဒေါ်လာ ၁.၈ သန်း တွေ့ရှိရပါတယ်။ ဒါဟာ ဆက်ဒမ်နဲ့ဆက်စပ်တာကို အခိုင်အမာပြနေတာလို့ Maddox က သုံးသပ်ခဲ့ပါတယ်။
ဒါကြောင့် အရှိန်မြှင့်ဆောင်ရွက်ခဲ့ရာမှာ နောက်ဆုံးတော့ Mohammad ကို ဘဂ္ဂဒက်မှာ ဖမ်းမိခဲ့ပါတယ်။
Mohammad ကိုနေ့တဝက်လောက်စစ်ဆေးလိုက်ချိန်မှာ ဆက်ဒမ်ပုန်းနေနိုင်တဲ့နေရာ ၂ ခု သိလာရပါတယ်။
၂၁၄ နဲ့ ၃၀၀
=========
Maddox ဟာ ဆက်ဒမ်ဟူစိန်တည်နေရာကို ဖော်ထုတ်နိုင်ဖို့ သူတို့ရဲ့ Social Network Analysis chart မှာ လူပေါင်း ၂၁၄ ယောက်ကို ထည့်သွင်းဖော်ပြစဉ်းစားခဲ့ရပါတယ်။
Maddox ကိုယ်တိုင် စစ်ကြောမေးမြန်းခဲ့ရတဲ့သူပေါင်းက ၃၀၀ ကျော် ရှိခဲ့ပါတယ်။
Operation Red Down သို့မဟုတ် ဆက်ဒမ်ဇာတ်သိမ်းခန်း
=====================================
ဆက်ဒမ်ဟူစိန်ရှိနိုင်တယ်လို့ ယူဆရတဲ့ နေရာတွေကို အမေရိကန်တွေက ဝင်စီးတာ လပေါင်းများစွာအတွင်း အကြိမ်ကြိမ် ရှိခဲ့ပါတယ်။
၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်မှာတော့ Delta Forceရယ် အမှတ် (၄) ခြေလျင်တပ်မက Task Force 121 က အင်အား ၆၀၀ လောက် Operation Red Down ကို ဆင်နွှဲခဲ့ပါတယ်။
ပစ်မှတ်ကတော့ ဆက်ဒမ်ဟူစိန်ရှိနိုင်တဲ့ တီကရစ်အနီးက Wolverine 1 နဲ့ Wolverine 2 လို့ အမည်ဝှက်ပေးထားတဲ့ နေရာ ၂ ခုဖြစ်ပါတယ်။
Wolverine 1 နဲ့ 2 ကိုရှာပြီးပေမဲ့ ဘာမှမတွေ့ပါဘူး။ အရင်လို သတင်းမှားတွေပဲလို့ယူဆခဲ့ကြပြီး ပြန်ဆုတ်ခွါဖို့ ရဟတ်ယာဉ်တွေကို ပြန်ခေါ်လိုက်ပါတယ်။
ဒါပေမဲ့ ဒီအချိန်မှာပဲ မြေအောက်လှိုင်ခေါင်းဝင်ပေါက်ကို အမှတ်မထင်တွေ့လိုက်လို့ ဖွင့်လိုက်ချိန်မှာ HVT 1 ဆင်ဒမ်ဟူစိန်ကို တွေ့ရပါတော့တယ်။
Maddox နဲ့ Reed
=============
တပ်ကြပ်ကြီး Maddox ဟာ အမေရိကန်တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ရဲ့ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ The National Intelligence Medal of Achievement တံဆိပ်အပါအဝင် Defense Intelligence Agency (DIA) Director’s Award, တံဆိပ်၊ Legion of Merit တံဆိပ်နဲ့ Bronze Star တံဆိပ်တွေရရှိခဲ့ပါတယ်။
တပ်မတော်မှာ နှစ် ၂၀ လောက်အမှုထမ်းခဲ့ပြီး လက်ရှိမှာတော့ ပုဂ္ဂလိကကုမ္ပဏီတွေမှာ သတင်းစုဆောင်းခြင်းနဲ့ပက်သက်ပြီး အကြံပေးအဖြစ် ဆောင်ရွက်နေပါတယ်။
ဆက်ဒမ်ဟူစိန်ကို ဖမ်းမိဖို့ထောက်လှမ်းခဲ့တာနဲ့ပက်သက်လို့ Maddox ဟာ Mission: Blacklist # 1 ဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။
ဗိုလ်မှုး Reed ကတော့ တပ်ကနေအနားယူပြီး PhD ဆက်တက်ကာ လူမှုရေးသိပ္ပံဆိုင်ရာ ပါမောက္ခအဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။
Human Terrain System
==================
စစ်ဘက်ဆိုင်ရာနယ်ပါယ်မှာ လူမှုရေးသိပ္ပံပညာကို ပေါင်းစပ်အသုံးပြုရင် အောင်မြင်မှု ပိုရရှိနိုင်တာကို Maddox နဲ့ Reed တို့ရဲ့ ဆက်ဒမ်ဟူစိန်ရှာဖွေမှုကနေ လက်တွေ့သိရှိလာပြီးနောက်မှာ အမေရိကန်တပ်မတော်ဟာ ယခင် အယူအဆဖြစ်တဲ့ Human Terrain System အယူအဆကို အီရတ်နဲ့ အာဖဂန်မှာ ပြန်လည် လက်တွေ့အကောင်အထည်ဖော်ခဲ့ပါတယ်။
လူမှုရေးသိပ္ပံပညာရှင်တွေ၊ ဘာသာဗေဒပညာရှင်တွေနဲ့ မနုဿဗေဒပညာရှင်တွေ စုစုပေါင်း ၆ ယောက်လောက်ပါတဲ့ Human Terrain Taeam တွေကို ဖွဲ့စည်းပြီး ခြေလျင်တပ်ရင်းတွေမှာ တွဲဖက်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဒီ HTT တွေဟာ အခြေအနေတိုင်းမှာတော့ အောင်မြင်မှုမရပါဘူး။ ပါတ်ဝန်းကျင်ပေါ်မူတည်ပြီးမှ အောင်မြင်ပါတယ်။
ငွေကြေားအကုန်အကျများပေမဲ့ ထိရောက်မှု ကန့်သတ်ချက်ရှိတာကြောင့် ၂၀၁၅ မှာတော့ HTS ကို ဖျက်သိမ်းလိုက်ပါတယ်။
နိဂုံး
===
ဆက်ဒမ်ဟူစိန်လိုလူမျိုးကို Delta Force တွေနဲ့ ဝင်ဖမ်းတဲ့ Operation Red Down ကို လူသိများပါတယ်။
ဒါပေမဲ့ မြေအောက်ခန်းထဲပုန်းနေတဲ့သူကို ဖမ်းနိုင်တာဟာ ထူးခြားလွန်းလှတာမဟုတ်ပါဘူး။
တကယ်အရေးပါတာက ဆက်ဒမ်ဟူစိန်တည်နေရာကို နည်းပညာအကူမပါဘဲ စဉ်းစားတွေးခေါ်မှုကိုသာ အသုံးပြုပြီး ရအောင်ဖော်ထုတ်နိုင်ခဲ့တဲ့ ထောက်လှမ်းရေးပညာရပ်ပဲဖြစ်ပါတယ်။
ထောက်လှမ်းရေးနယ်ပါယ်မှာတော့ နည်းပညာတွေဘယ်လောက်ခေတ်မီပါစေ လူသားတွေရဲ့ အရည်အချင်းဟာ တန်ဖိုးအရှိဆုံးဖြစ်နေဆဲပါပဲ။
HTS ဟာလည်း အမေရိကန်လို ကမ္ဘာအနှံ့စစ်ဆင်တဲ့ တပ်ဖွဲ့တွေအတွက် လိုအပ်ကောင်းလိုအပ်ပေမဲ့ ကိုယ့်မြေ၊ ကိုယ့်ရေပေါ်မှာစစ်ဆင်ရတဲ့ တပ်မတော်တွေအတွက်ကတော့ ဒေသခံတွေကို တပ်မတော်အတွင်း တာဝန်ပေးထားခြင်းအားဖြင့် အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်စေနိုင်ကြောင်း သုံးသပ်ရပါတယ်။
ဒီဖြစ်ရပ်တွေကနေ မြန်မာ့တပ်မတော်အတွက် အဖိုးတန်သင်ခန်းစာတွေရရှိနိုင်ဖို့ မျှော်လင့်ပါတယ်။
credit-

0 comments:
Post a Comment