နေပြည်တော် စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ဆွာချောင်း ရေလှောင်တမံ၏ ရေပိုလွှဲ တံခါးသည် ၂ဝ၁၈ ခုနှစ်၊ သြဂုတ် ၂၉ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က အရှည်ပေ ၃၆ဝ ခန့် ကျိုးပေါက်ပြီး ရေတာရှည် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၈ စုမှ ကျေးရွာ ၈၅ ရွာမှ ဒေသခံ ပြည်သူများ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ အသင်းများ၊ ဌာနဆိုင်ရာများ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေးလျက်ရှိသည်။

ရန်ကုန်-မန္တလေး ရထားခရီးစဉ် ခရီးသည်များ လတ်တလော အသုံးပြု သွားလာနိုင်ရေး အတွက် ရန်ကုန်-မန္တလေး မီးရထားလမ်းအား တပ်မတော်သားများနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများ ပူးပေါင်း၍ ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် နေရာများအား ကျောက်ဖို့ခြင်း၊ ပျက်စီးသွားသည့် ဇလီဖားတုံးများအား အစားထိုး ပြုပြင်ခြင်းများ ဆောင်ရွက်နေသည့် ဆွာချောင်း ရေလှောင်တမံ၊ ပင်မရေပိုလွှဲ တံခါး ကျိုးပေါက်၍ ရေကြီး နစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် မီးရထားလမ်းနှင့် တံတားများအား ပြန်လည် ပြုပြင်၊ ခရီးသွား ပြည်သူများအား တပ်မတော်ပိုင် မော်တော်ယာဉ် များဖြင့် ဆက်လက် ကူညီ ပို့ဆောင်အတွက် ယနေ့တွင် ရန်ကုန်-မန္တလေး အစုန်ရထား ခရီးစဉ်အမှတ်(၁၂) အစုန်ရထားဖြင့် လိုက်ပါလာသည့် ခရီးသည် ၃၇၇ ဦးနှင့် ဝန်ထမ်း ၂ဝ ဦးတို့ကို ဆွာဘူတာမှ ရေတာရှည်ဘူတာသို့ လည်းကောင်း၊ ရန်ကုန်-မန္တလေး အဆန်ရထား ခရီးစဉ်အမှတ်(၁၁) အဆန်ရထားဖြင့် လိုက်ပါလာသော ခရီးသည် ၄၃၈ ဦးနှင့် ဝန်ထမ်း ၄၆ ဦးတို့ကို ရေတာရှည် ဘူတာမှ ဆွာဘူတာသို့ လည်းကောင်း တပ်မတော်ပိုင် City Bus မော်တော်ယာဉ် များဖြင့် ပို့ဆောင်ပေးသည်။

ထို့ပြင် ရေတာရှည်မြို့နယ်၊ ဆွာမြို့အခြေခံပညာ အထက်တန်းကျောင်းနှင့် ထောက်ကြန့် ကွင်း ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)တို့၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ငူတပ်နယ်နှင့် ရေတာရှည် တပ်နယ်တို့မှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များက စာသင်ကျောင်း များအတွင်း ရေဝင်ရောက်မှုကြောင့် တင်ကျန်ခဲ့သည့် နုန်းမြေများ၊ အမှိုက်များ၊ သစ်ပင်သစ်ကိုင်းများနှင့် ချုံနွယ်များ ရှင်းလင်း ဖယ်ရှားပေးခြင်း၊ ကျောင်းဝင်း အတွင်းလမ်းများ ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။





0 comments:
Post a Comment