
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ- လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်ဖြတ်သန်း သွားလာ လျက် ရှိသော မော်တော်ယာဉ်များအား အကြမ်းဖက်သောင်းကျန်းသူများက မကြာခဏ နှောင့်ယှက်ပစ် ခတ်မှုများ ပြုလုပ်လျက်ရှိရာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလမှ စက်တင်ဘာလထိ နောင်ပိန် ကျေးရွာအနီးတွင် လေးကြိမ်၊ လွယ်လန်း လမ်းဆုံအနီးတွင် တစ်ကြိမ်၊ ကုန်းသာကျေး ရွာအနီးတွင် တစ်ကြိမ်၊ ရေပူကျေးရွာအနီး တွင် တစ်ကြိမ်၊ ခိုက်တုန်ဟုန်းကျေးရွာအနီး တွင် တစ်ကြိမ်နှင့် ဘူးခါးကျေးရွာအနီးတွင် တစ်ကြိမ် စုစုပေါင်း ကိုးကြိမ်ဖြစ်ပွား ခဲ့သည်။
ယနေ့နံနက် ၁နာရီခန့်တွင်လည်း ကျောက်မဲမြို့နယ်၊ ဘူးခါးကျေးရွာ အနီး၌ ပျော်ဘွယ်မှ မူဆယ်သို့ ပြည် ထောင်စု ကားလမ်းမကြီး အတိုင်း နွားများတင်ဆောင်၍ မောင်းနှင်လာသော သိန်းသန်းမြင့်ကျော် ကုမ္ပဏီမှ မော်တော်ယာဉ်ငါးစီးအား အကြမ်းဖက် သောင်းကျန်း သူ နှစ်ဦးက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး နားခေါ် ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေး သွားခဲ့သည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာအနီးတစ် ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိစဉ် ဘူးခါးကျေးရွာ၏အနောက်တောင်ဘက် မီတာ ၇ဝဝ ခန့်အကွာတွင် Tricker အမျိုးအစား မော်တော် ဆိုင်ကယ်မောင်းနှင် လာသော မသင်္ကာဖွယ်လူတစ်ဦးအား တွေ့ရှိသဖြင့် စစ်ဆေးရန် ရပ်တန့်စေခဲ့ရာ ဆိုင်ကယ် အားထား၍ ထွက်ပြေးခဲ့ပြီး လိုက်လံဖမ်းဆီးရာ ၎င်း၏လွယ်အိတ်အတွင်းပါရှိသော တရုတ် လက်ပစ်ဗုံး တစ်လုံးဖြင့် ပြန်လည် ပစ်ခတ်ရန် ဆောင်ရွက်သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ငယ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ ရသည်။

ဖမ်းဆီးရမိသူအား စစ်ဆေး မေးမြန်းချက် အရ ၎င်းသည် SSA (ဝမ်ဟိုင်း)အဖွဲ့ တပ်မဟာ၁ မှ တပ်သားအဆင့်ရှိ စိုင်းခိုင်လင်း ဆိုသူဖြစ်ကြောင်းနှင့် ယနေ့နံနက် နွားကား ပစ်ခတ် ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သူဖြစ်ကြောင်းသိရှိရပြီး ၎င်းနှင့်အတူ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး တစ်လုံး၊ ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံး၊ ရှမ်းဘာသာဖြင့်ရေး သား ထားသော ဖုန်းမှတ်တမ်း စာအုပ်တစ်အုပ်၊ ပြည်ထောင်စုကားလမ်းမ ကြီးပေါ်တွင် နွားကားများအား ပစ်ခတ် ရန် လက်ရေးဖြင့် ရေးဆွဲထားသော မြေပုံကြမ်း တစ်စောင်တို့အား သိမ်းဆည်းရမိခဲ့ကာ အဆိုပါ သောင်းကျန်း သူအား ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်စဉ် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားရာနေရာအနီးတစ်ဝိုက်နှင့် ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment