Monday, September 10, 2018

၂၀၁၂ မွာ တကယ္ ကမၻာပ်က္ခဲ့တယ္


၂၀၁၂ မွာ တကယ္ ကမၻာပ်က္ခဲ့တယ္(တပ္မေတာ္ စစ္သည္ ၆၀ ေက်ာ္က်ဆံုးခဲ့စဥ္က တပ္ရင္းတစ္ခုမွ အရာရွိတစ္ဦးကိုယ္တိုင္ေတြ႔ၾကံဳခဲ့ရသည့္ျဖစ္ရပ္မွန္အေတြ႔အၾကံဳမ်ား)

ေရွ႕တန္းထြက္ေနတဲ့ တပ္ရဲ႕ ေနာက္တန္းမွဴးတစ္ေယာက္အေနနဲ႕ တပ္ရဲ႕ သန္႔ရွင္းသာယာ လွပေရး၊ မိသားစု ေပါင္း ၂၀၀ ေက်ာ္ရဲ႕ စား၀တ္ေနေရး၊ အပတ္စဥ္ လစဥ္ ေပးပို႔ေနရတဲ့ အစီရင္ခံစာ၊ျပန္တမ္းေတြေၾကာင့္ နားရ တယ္ဆိုတာ မရွိပါဘူး။

လင္ေယာက်ာ္းနဲ႔ တပ္ရင္းက စစ္သည္ေတြ အကုန္ေရွ႕တန္းထြက္ျပီမို႔ တပ္ရင္းမွဴး ကေတာ္ဦးစီးျပီး ေန႔စဥ္ အႏၱရာယ္ကင္း ပရိတ္ ရြတ္ဖက္ရတာ၊ တပ္ရင္း သာယာလွပေရးအတြက္ လုပ္ရတာ၊ သက္သာေခ်ာင္ခ်ိေရး အတြက္ လယ္စိုက္၊ ျခံစိုက္ ရတာေတြက တပ္ရင္းတစ္ရင္းရဲ႕ ပံုမွန္ အလုပ္ေတြထဲမွာ အပါအ၀င္ပါပဲ။

စစ္သည္ ၂ ေယာက္ တိုက္ပြဲမွာ က်ျပီးကတည္းက အႏၱရာယ္ ကင္းေစဖို႔ စုျပီး ပရိတ္ ရြတ္ဆိုတာကို ေန႔၊ည ခြဲျပီး လုပ္ေဆာင္ေနတဲ့ ၂၀၁၂ ရဲ႕ ေန႔စြဲတစ္ခုမွာ ဗိုလ္မွဴး ေရွ႕တန္းက စက္ေပၚလာခဲ့ပါဆိုတဲ့ အသံနဲ႕ စက္သမားက လာေခၚတယ္။ စကားေျပာခြက္ကို ကိုင္လိုက္စဥ္မွာပဲ စိတ္မေကာင္းစရာ သတင္း၊ တပ္ရင္းမွဴး အပါအ၀င္ လူေပါင္း ၆၀ တိုက္ပြဲမွာ က်တယ္လို႔ ေျပာတယ္။ ျဖစ္စဥ္နဲ႔ နာမည္ေတြ ေျပာမယ္ ဆိုျပီး ၾကည္း… ဗိုလ္မွဴး….. ဘယ္သူ ဆိုတာက စလို႔ တစ္ေယာက္ျပီး တစ္ေယာက္ နာမည္ေတြ ဖတ္ျပတယ္။ ကိုယ့္ရဲ႕ ညီေလးေတြ၊ ကိုယ့္ အေပၚမွာ အရမ္းေကာင္းခဲ့တဲ့ ဆရာၾကီးေတြ၊ ခိုင္းသမွ် မညည္းမညဴ လုပ္ေပးခဲ့တဲ့ တပည့္ရဲေဘာ္ေတြရဲ႕ အမည္ကို တုန္ရင္ေနတဲ့ လက္၊ မ်က္ရည္ မက်မိေအာင္ တင္းထားတဲ့ စိတ္ေတြနဲ႔ လိုက္မွတ္ ခဲ့ရတယ္။

အေကာင္းဆံုး ျဖစ္ေအာင္ ေဆာင္ရြက္ပါ ဆိုတဲ့ ညႊန္ၾကားခ်က္ အဆံုးမွာေတာ့ စကားေျပာခြက္ကိုခ် ေဘးက ဆက္သား ရဲေဘာ္ကို တပ္ေရး၊ တပ္ေထာက္ ဗိုလ္ၾကီးေတြ အပါ ေနာက္တန္းက်န္ အရာရွိအားလံုး တပ္ရင္းရံုးကို ခ်က္ခ်င္းလာခဲ့။ ဘာမွ မေျပာနဲ႕ လို႔မွာ ျပီး လႊတ္လိုက္တယ္။

ၾကားေနတဲ့ အႏၱရာယ္ကင္း ပရိတ္ ရြတ္သံၾကားမွာ ေရွ႔တန္းထြက္စဥ္က တပ္ရင္းက မိသားစုေတြ အတြက္ စိတ္ မခ်လို႔ တတြတ္တြတ္ မွာခဲ့တဲ့ တပ္ရင္းမွဴး မ်က္ႏွာ၊ တိုက္ပြဲ၀င္ စစ္သူၾကီးေတြလို ခ်ပ္၀တ္တန္ဆာ အျပည့္အစံု နဲ႔ ကားေပၚတက္သြားတဲ့ ညီငယ္ အရာရွိေတြနဲ႔ စစ္သည္ေတြရဲ႕ မ်က္ႏွာ၊ အီေကြ႕မန္႔ ဘိုသီဘတ္သီနဲ႔ အေျပးလာျပီး ဗိုလ္မွဴး.. ကၽြန္ေတာ့္ အေမနဲ႔ ညီေလး ကို ကူညီေပးပါအံုးလို႔ ေျပာခဲ့တဲ့ လူပ်ိဳစစ္သည္ ေပမယ့္ မိဘ ေမာင္ႏွမကို ေစာင့္ေရွာက္ဖို႔ တပ္ထဲမွာ ေခၚထားခ်င္တယ္လို႔ သတင္းပို႔လို႔ ေခၚခြင့္ေပးခဲ့ရတဲ့ ရဲေဘာ္ တစ္ဦးရဲ႕ မ်က္ႏွာေတြကို အစီအရီ ျမင္ေနမိတယ္။

ေရွ႔တန္းက ေၾကးနန္းလာတယ္၊ အရာရွိေတြ အကုန္ တပ္ရင္းရံုးမွာ စုမယ္လို႔ ဆက္သားရဲေဘာ္က ေအာ္လိုက္တဲ့ အသံ အဆံုးမွာ ဓမၼာရံုမွာ အႏၱရာယ္ကင္း ပရိတ္ရြတ္ဆိုသံက ေ၀ါကနဲ ပို က်ယ္လာတယ္။ ဘာထူးလို႔လဲ ဆိုတာ သိခ်င္ေပမယ့္ ရဲေမေတြကို ဦးေဆာင္ေနရတဲ့ တပ္ရင္းမွဴးကေတာ္ရဲ႕ စိတ္မွာ ဘယ္ေလာက္ တုန္လႈပ္ေနမလဲ၊ ရဲေမေတြ အားလံုး စိတ္မွာ ဘယ္ေလာက္ တုန္လႈပ္ေနမလဲ ဆိုတာ ေတြးျပီး ဆက္ျပီး လုပ္ရမယ့္ အစီအစဥ္ေတြကို တစ္ခုခ်င္း စဥ္းစားေနမိတယ္။

ကိုယ္ကလည္း ျငိမ္ေနေတာ့ အရာရွိေတြကလည္း မေမးရဲ၊ လူစံုျပီလား..စံုျပီ ဆိုေတာ့မွ တံခါးကို ေလာ့ခ်ျပီး အျဖစ္အပ်က္ေတြကို အရာရွိေတြကို ေျပာျပရတယ္။ ဘယ္သူက ဘာတာ၀န္ယူ၊ ဘယ္သူက ဘယ္လို လုပ္ အကုန္လံုး တတ္ႏိုင္သမွ် မွာျပီး အခန္းျပင္ကို ထြက္လာတဲ့ အခ်ိန္မွာေတာ့ အျပင္မွာ ျငိမ္ျပီးေစာင့္ေနတဲ့ တပ္ရင္းမွဴး ကေတာ္နဲ႔ ရဲေမေတြ ၊ ကေလးေတြကို ေတြ႕လိုက္ရတယ္။

ရင္ထဲမွာ ဆို႔နင့္ေနတာမို႔ လည္ေခ်ာင္းေတြ ေျခာက္ကပ္ျပီး မ်က္ရည္က အလိုလို စီးက်လာတယ္။ အနားကို တပ္ရင္းမွဴး ကေတာ္က ေရာက္လာျပီး ဗိုလ္မွဴး၊ ဘာျဖစ္လို႔လဲ ေျပာျပပါ၊ ကၽြန္မ သိခ်င္ပါတယ္ လို႔ လာေျပာခ်ိန္ မွာေတာ့ ကၽြန္ေတာ္ သူမကို ၾကည့္ျပီး စကားသံ ခ်က္ခ်င္း မထြက္ႏိုင္ပါဘူး။ အံၾကိတ္ျပီး ကိုယ့္မ်က္ရည္ ကိုယ္ ျပန္သုတ္၊ တပ္ရင္းမွဴး တို႔ အသက္ေပးခဲ့ရျပီ အစ္မ လို႔ေျပာလိုက္ခ်ိန္မွာ ရင္ဘတ္ထဲကို ေဆာင့္တက္လာသလို ခံစားရတယ္။

အဆိုးဆံုးကို ေမွ်ာ္လင့္ျပီး ေမးေပမယ့္ တပ္ရင္းမွဴးကေတာ္လည္း ေျဖမဆည္ႏိုင္ပါဘူး။ အသံတစ္ခ်က္မွ မထြက္ ေပမယ့္ မ်က္ရည္ေတြက စီးက်လာတယ္။ ကၽြန္ေတာ္ သူမကို မႏွစ္သိမ့္ေတာ့ပါဘူး။ အေရွ႕က တပ္ရင္းက ရဲေမေတြအကုန္ ဓမၼာရံုမွာ စုျပီး ေစာင့္ေနဖို႔ ေျပာလိုက္တယ္။ အားလံုးရဲ႕ မ်က္ႏွာေတြက စိုးရိမ္စိတ္ေတြ အျပည့္၊တပ္ရင္းမွဴး ကေတာ္ ငိုတာေတြ႕လုိ႔ လိုုက္ငိုၾကတဲ့ ရဲေမေတြ၊ အံၾကိတ္ျပီး ေဘးက ရပ္ေနတဲ့ အရာရွိ စစ္သည္ေတြ အကုန္ ဓမၼာရံုကို သြားဖို႔ ထပ္ျပီး ႏိႈးေဆာ္ရတယ္။

အေဖ့လစာ တစ္ခုထဲနဲ႔ ရပ္တည္ေနတဲ့ စစ္သည္ မိသားစုေတြ၊ အေဖ့မ်က္ႏွာ၊ သားမ်က္ႏွာနဲ႔ နားခိုစရာ ေနရာ တစ္ခု ရထားတဲ့ အိမ္ေထာင္သည္လိုင္းခန္းက မိသားစုေတြ၊ ရပ္ေ၀းတစ္ေနရာကေန သားတစ္ေယာက္ က်န္းမာ ခ်မ္းသာပါေစေၾကာင္း ဆုေတာင္းရင္း စိုးရိမ္ေနတဲ့ မိဘေတြကို ကၽြန္ေတာ္ ေျဖသိမ့္ေပးႏိုင္မယ့္ စကားလံုး စဥ္းစား မရပါဘူး။ ဗိုလ္မွဴး ဖုန္းလာေနတယ္၊ ဗိုလ္ၾကီး… ဘယ္သူရဲ႕ အေမပါ လို႔ေျပာတယ္ ဆိုျပီး တိုက္ပြဲမွာ က်သြားတဲ့ ညီငယ္ အရာရွိ မ်က္ႏွာကို ကြက္ကနဲ ျပန္ျမင္မိလိုက္တယ္။ အစည္းအေ၀း လုပ္ေနတယ္ လို႔ ေျပာလိုက္ပါကြာ ဆိုျပီး ဓမၼာရံုဘက္ကို တစ္လွမ္းခ်င္း ေလွ်ာက္လာမိတယ္။

လူေပါင္း ၆၀ ေသဆံုးတဲ့ ျဖစ္စဥ္ကို မိသားစုေတြ ေရွ႕မွာ ကၽြန္ေတာ္ ဘယ္လို ေျပာရမလဲ။ လူေပါင္း ၆၀ ရဲ႔ ေနာက္မွာ မွီခိုေနတဲ့ မိသားစုေတြရဲ႕ မ်က္ရည္ေတြကို ကၽြန္ေတာ္ ဘယ္လို ေျဖသိမ့္ေပးရမလဲ။ လူေပါင္း ၆၀ ရဲ႕ အေလာင္းမပါတဲ့ စ်ာပနကို ကၽြန္ေတာ္ ဘယ္လို က်င္းပေပးရမလဲ။
အားေပးႏွစ္သိမ့္ဖို႔ ေရာက္လာၾကတဲ့ နယ္ေျမတစ္ခုထဲက အရာရွိၾကီးေတြရဲ႕ ကားေတြ ေရာက္လာတယ္၊ ဓမၼာရံုမွာ ငိုေၾကြးသံေတြနဲ႕ ဆူညံေနတယ္။ ကၽြန္ေတာ့္ ရင္ထဲမွာလည္း ဗေလာင္ ဆူေနတယ္။ ဟုတ္ပါတယ္။ ၂၀၁၂ မွာ တကယ္ ကမၻာပ်က္ခဲ့ပါတယ္။ ကၽြန္ေတာ့္တို႔ရဲ႕ ကမၻာေလးမွာ မ်က္ရည္ေတြနဲ႔ ဖံုးခဲ့ပါတယ္ဗ်ာ။

Oppositeye
Image may contain: mountain, outdoor and nature

၂၀၁၂ မှာ တကယ် ကမ္ဘာပျက်ခဲ့တယ်(တပ်မတော် စစ်သည် ၆၀ ကျော်ကျဆုံးခဲ့စဉ်က တပ်ရင်းတစ်ခုမှ အရာရှိတစ်ဦးကိုယ်တိုင်တွေ့ကြုံခဲ့ရသည့်ဖြစ်ရပ်မှန်အတွေ့အကြုံများ)

ရှေ့တန်းထွက်နေတဲ့ တပ်ရဲ့ နောက်တန်းမှူးတစ်ယောက်အနေနဲ့ တပ်ရဲ့ သန့်ရှင်းသာယာ လှပရေး၊ မိသားစု ပေါင်း ၂၀၀ ကျော်ရဲ့ စားဝတ်နေရေး၊ အပတ်စဉ် လစဉ် ပေးပို့နေရတဲ့ အစီရင်ခံစာ၊ပြန်တမ်းတွေကြောင့် နားရ တယ်ဆိုတာ မရှိပါဘူး။

လင်ယောကျာ်းနဲ့ တပ်ရင်းက စစ်သည်တွေ အကုန်ရှေ့တန်းထွက်ပြီမို့ တပ်ရင်းမှူး ကတော်ဦးစီးပြီး နေ့စဉ် အန္တရာယ်ကင်း ပရိတ် ရွတ်ဖက်ရတာ၊ တပ်ရင်း သာယာလှပရေးအတွက် လုပ်ရတာ၊ သက်သာချောင်ချိရေး အတွက် လယ်စိုက်၊ ခြံစိုက် ရတာတွေက တပ်ရင်းတစ်ရင်းရဲ့ ပုံမှန် အလုပ်တွေထဲမှာ အပါအဝင်ပါပဲ။

စစ်သည် ၂ ယောက် တိုက်ပွဲမှာ ကျပြီးကတည်းက အန္တရာယ် ကင်းစေဖို့ စုပြီး ပရိတ် ရွတ်ဆိုတာကို နေ့၊ည ခွဲပြီး လုပ်ဆောင်နေတဲ့ ၂၀၁၂ ရဲ့ နေ့စွဲတစ်ခုမှာ ဗိုလ်မှူး ရှေ့တန်းက စက်ပေါ်လာခဲ့ပါဆိုတဲ့ အသံနဲ့ စက်သမားက လာခေါ်တယ်။ စကားပြောခွက်ကို ကိုင်လိုက်စဉ်မှာပဲ စိတ်မကောင်းစရာ သတင်း၊ တပ်ရင်းမှူး အပါအဝင် လူပေါင်း ၆၀ တိုက်ပွဲမှာ ကျတယ်လို့ ပြောတယ်။ ဖြစ်စဉ်နဲ့ နာမည်တွေ ပြောမယ် ဆိုပြီး ကြည်း… ဗိုလ်မှူး….. ဘယ်သူ ဆိုတာက စလို့ တစ်ယောက်ပြီး တစ်ယောက် နာမည်တွေ ဖတ်ပြတယ်။ ကိုယ့်ရဲ့ ညီလေးတွေ၊ ကိုယ့် အပေါ်မှာ အရမ်းကောင်းခဲ့တဲ့ ဆရာကြီးတွေ၊ ခိုင်းသမျှ မညည်းမညူ လုပ်ပေးခဲ့တဲ့ တပည့်ရဲဘော်တွေရဲ့ အမည်ကို တုန်ရင်နေတဲ့ လက်၊ မျက်ရည် မကျမိအောင် တင်းထားတဲ့ စိတ်တွေနဲ့ လိုက်မှတ် ခဲ့ရတယ်။

အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပါ ဆိုတဲ့ ညွှန်ကြားချက် အဆုံးမှာတော့ စကားပြောခွက်ကိုချ ဘေးက ဆက်သား ရဲဘော်ကို တပ်ရေး၊ တပ်ထောက် ဗိုလ်ကြီးတွေ အပါ နောက်တန်းကျန် အရာရှိအားလုံး တပ်ရင်းရုံးကို ချက်ချင်းလာခဲ့။ ဘာမှ မပြောနဲ့ လို့မှာ ပြီး လွှတ်လိုက်တယ်။

ကြားနေတဲ့ အန္တရာယ်ကင်း ပရိတ် ရွတ်သံကြားမှာ ရှေ့တန်းထွက်စဉ်က တပ်ရင်းက မိသားစုတွေ အတွက် စိတ် မချလို့ တတွတ်တွတ် မှာခဲ့တဲ့ တပ်ရင်းမှူး မျက်နှာ၊ တိုက်ပွဲဝင် စစ်သူကြီးတွေလို ချပ်ဝတ်တန်ဆာ အပြည့်အစုံ နဲ့ ကားပေါ်တက်သွားတဲ့ ညီငယ် အရာရှိတွေနဲ့ စစ်သည်တွေရဲ့ မျက်နှာ၊ အီကွေ့မန့် ဘိုသီဘတ်သီနဲ့ အပြေးလာပြီး ဗိုလ်မှူး.. ကျွန်တော့် အမေနဲ့ ညီလေး ကို ကူညီပေးပါအုံးလို့ ပြောခဲ့တဲ့ လူပျိုစစ်သည် ပေမယ့် မိဘ မောင်နှမကို စောင့်ရှောက်ဖို့ တပ်ထဲမှာ ခေါ်ထားချင်တယ်လို့ သတင်းပို့လို့ ခေါ်ခွင့်ပေးခဲ့ရတဲ့ ရဲဘော် တစ်ဦးရဲ့ မျက်နှာတွေကို အစီအရီ မြင်နေမိတယ်။

ရှေ့တန်းက ကြေးနန်းလာတယ်၊ အရာရှိတွေ အကုန် တပ်ရင်းရုံးမှာ စုမယ်လို့ ဆက်သားရဲဘော်က အော်လိုက်တဲ့ အသံ အဆုံးမှာ ဓမ္မာရုံမှာ အန္တရာယ်ကင်း ပရိတ်ရွတ်ဆိုသံက ဝေါကနဲ ပို ကျယ်လာတယ်။ ဘာထူးလို့လဲ ဆိုတာ သိချင်ပေမယ့် ရဲမေတွေကို ဦးဆောင်နေရတဲ့ တပ်ရင်းမှူးကတော်ရဲ့ စိတ်မှာ ဘယ်လောက် တုန်လှုပ်နေမလဲ၊ ရဲမေတွေ အားလုံး စိတ်မှာ ဘယ်လောက် တုန်လှုပ်နေမလဲ ဆိုတာ တွေးပြီး ဆက်ပြီး လုပ်ရမယ့် အစီအစဉ်တွေကို တစ်ခုချင်း စဉ်းစားနေမိတယ်။

ကိုယ်ကလည်း ငြိမ်နေတော့ အရာရှိတွေကလည်း မမေးရဲ၊ လူစုံပြီလား..စုံပြီ ဆိုတော့မှ တံခါးကို လော့ချပြီး အဖြစ်အပျက်တွေကို အရာရှိတွေကို ပြောပြရတယ်။ ဘယ်သူက ဘာတာဝန်ယူ၊ ဘယ်သူက ဘယ်လို လုပ် အကုန်လုံး တတ်နိုင်သမျှ မှာပြီး အခန်းပြင်ကို ထွက်လာတဲ့ အချိန်မှာတော့ အပြင်မှာ ငြိမ်ပြီးစောင့်နေတဲ့ တပ်ရင်းမှူး ကတော်နဲ့ ရဲမေတွေ ၊ ကလေးတွေကို တွေ့လိုက်ရတယ်။

ရင်ထဲမှာ ဆို့နင့်နေတာမို့ လည်ချောင်းတွေ ခြောက်ကပ်ပြီး မျက်ရည်က အလိုလို စီးကျလာတယ်။ အနားကို တပ်ရင်းမှူး ကတော်က ရောက်လာပြီး ဗိုလ်မှူး၊ ဘာဖြစ်လို့လဲ ပြောပြပါ၊ ကျွန်မ သိချင်ပါတယ် လို့ လာပြောချိန် မှာတော့ ကျွန်တော် သူမကို ကြည့်ပြီး စကားသံ ချက်ချင်း မထွက်နိုင်ပါဘူး။ အံကြိတ်ပြီး ကိုယ့်မျက်ရည် ကိုယ် ပြန်သုတ်၊ တပ်ရင်းမှူး တို့ အသက်ပေးခဲ့ရပြီ အစ်မ လို့ပြောလိုက်ချိန်မှာ ရင်ဘတ်ထဲကို ဆောင့်တက်လာသလို ခံစားရတယ်။

အဆိုးဆုံးကို မျှော်လင့်ပြီး မေးပေမယ့် တပ်ရင်းမှူးကတော်လည်း ဖြေမဆည်နိုင်ပါဘူး။ အသံတစ်ချက်မှ မထွက် ပေမယ့် မျက်ရည်တွေက စီးကျလာတယ်။ ကျွန်တော် သူမကို မနှစ်သိမ့်တော့ပါဘူး။ အရှေ့က တပ်ရင်းက ရဲမေတွေအကုန် ဓမ္မာရုံမှာ စုပြီး စောင့်နေဖို့ ပြောလိုက်တယ်။ အားလုံးရဲ့ မျက်နှာတွေက စိုးရိမ်စိတ်တွေ အပြည့်၊တပ်ရင်းမှူး ကတော် ငိုတာတွေ့လို့ လိုက်ငိုကြတဲ့ ရဲမေတွေ၊ အံကြိတ်ပြီး ဘေးက ရပ်နေတဲ့ အရာရှိ စစ်သည်တွေ အကုန် ဓမ္မာရုံကို သွားဖို့ ထပ်ပြီး နှိုးဆော်ရတယ်။

အဖေ့လစာ တစ်ခုထဲနဲ့ ရပ်တည်နေတဲ့ စစ်သည် မိသားစုတွေ၊ အဖေ့မျက်နှာ၊ သားမျက်နှာနဲ့ နားခိုစရာ နေရာ တစ်ခု ရထားတဲ့ အိမ်ထောင်သည်လိုင်းခန်းက မိသားစုတွေ၊ ရပ်ဝေးတစ်နေရာကနေ သားတစ်ယောက် ကျန်းမာ ချမ်းသာပါစေကြောင်း ဆုတောင်းရင်း စိုးရိမ်နေတဲ့ မိဘတွေကို ကျွန်တော် ဖြေသိမ့်ပေးနိုင်မယ့် စကားလုံး စဉ်းစား မရပါဘူး။ ဗိုလ်မှူး ဖုန်းလာနေတယ်၊ ဗိုလ်ကြီး… ဘယ်သူရဲ့ အမေပါ လို့ပြောတယ် ဆိုပြီး တိုက်ပွဲမှာ ကျသွားတဲ့ ညီငယ် အရာရှိ မျက်နှာကို ကွက်ကနဲ ပြန်မြင်မိလိုက်တယ်။ အစည်းအဝေး လုပ်နေတယ် လို့ ပြောလိုက်ပါကွာ ဆိုပြီး ဓမ္မာရုံဘက်ကို တစ်လှမ်းချင်း လျှောက်လာမိတယ်။

လူပေါင်း ၆၀ သေဆုံးတဲ့ ဖြစ်စဉ်ကို မိသားစုတွေ ရှေ့မှာ ကျွန်တော် ဘယ်လို ပြောရမလဲ။ လူပေါင်း ၆၀ ရဲ့ နောက်မှာ မှီခိုနေတဲ့ မိသားစုတွေရဲ့ မျက်ရည်တွေကို ကျွန်တော် ဘယ်လို ဖြေသိမ့်ပေးရမလဲ။ လူပေါင်း ၆၀ ရဲ့ အလောင်းမပါတဲ့ ဈာပနကို ကျွန်တော် ဘယ်လို ကျင်းပပေးရမလဲ။
အားပေးနှစ်သိမ့်ဖို့ ရောက်လာကြတဲ့ နယ်မြေတစ်ခုထဲက အရာရှိကြီးတွေရဲ့ ကားတွေ ရောက်လာတယ်၊ ဓမ္မာရုံမှာ ငိုကြွေးသံတွေနဲ့ ဆူညံနေတယ်။ ကျွန်တော့် ရင်ထဲမှာလည်း ဗလောင် ဆူနေတယ်။ ဟုတ်ပါတယ်။ ၂၀၁၂ မှာ တကယ် ကမ္ဘာပျက်ခဲ့ပါတယ်။ ကျွန်တော့်တို့ရဲ့ ကမ္ဘာလေးမှာ မျက်ရည်တွေနဲ့ ဖုံးခဲ့ပါတယ်ဗျာ။

0 comments:

Post a Comment