အာသံနှင့်ကသည်းလက်နက်ကိုင်သောင်းကျန်းသူများ၏စခန်းတစ်ခုနှင့် လက်နက်ခဲယမ်းများအား ထပ်မံသိမ်းပိုက်ရရှိ
နေပြည်တော် ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တကားကျေးရွာအနီးတစ်ဝိုက်ရှိ NSCN(K) စခန်းနှင့် အနီးပတ်ဝန်းကျင်နေရာများ၌ အာသံနှင့်ကသည်း လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အချို့ သည် NSCN(K)အဖွဲ့အသွင်ဖြင့် ဖြန့်ခွဲအခြေပြုလျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းများက ဇန်န၀ါရီ ၂၉ ရက်မှစ၍ သွားရောက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ၎င်းတို့အခြေပြုရာ စခန်းအသီးသီးအား သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိစဉ် ဖေဖော်ဝါရီ ၄ ရက်တွင် တကားကျေးရွာ၏အနောက်ဘက် မီတာ ၁၆၀၀ ခန့်အကွာရှိ လျှိုအတွင်း၌ သိုဝှက်ထားသော လက်နက်မျိုးစုံ ၁၅ လက်၊ ခဲယမ်းနှင့်ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်တွင်လည်း အဆိုပါနေရာ၌ ကျည်အိမ်မျိုးစုံ ၈၀ ခုနှင့် အသုံးအဆောင်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ၎င်းအပြင် တကားကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၈၀၀၀ ခန့်အကွာ၌ ၎င်းတို့အခြေပြုခဲ့သော စခန်းတစ်ခုကိုလည်း ထပ်မံတွေ့ရှိ သိမ်းပိုက်ရရှိခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တရားမ၀င် လက်နက်ကိုင်အဖွဲ့အစည်းများဝင်ရောက် စိမ့်ဝင်လှုပ်ရှားမှုများ မရှိစေရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး



0 comments:
Post a Comment