တစ်စိတ်ကနေ တစ်အိတ်မှိုင်းသို့
--------------------------------------
ကျောင်းတစ်ကျောင်းမှာ ဆင်းရဲတဲ့ မိဘက ပေါက်ဖွားလာတဲ့ ကလေးနဲ့ ချမ်းသာတဲ့မိဘက ပေါက်ဖွားလာတဲ့ ကလေး ၂ ယောက်ရန်ဖြစ်ကြတယ်။ ပုံမှန်အခြေအနေဆိုရင်တော့ ကျောင်းက ဆရာမ ဖြေရှင်းပေးတာနဲ့ မြေပြင်မှာပြီးတယ်။ မိဘခေါ်စရာရှိ ခေါ်ပေါ့။ အားလုံးက ပုံမှန်အတိုင်းပြီးဆုံးသွားနိုင်ပေမယ့်။ ကျောင်းသား တစ်ဦးရဲ့မိဘက သူ့သားလေး ဒီလိုဖြစ်ရလေခြင်းဆိုပြီး ဖေ့စ်ဘွက်ကြီးပေါ်တင်လိုက်တယ်။
သိပ်မကြပါဘူး ဆင်းရဲတဲ့ လူတွေကို ချမ်းသာတဲ့လူက အနိုင်ကျင့်တယ်ဆိုပြီး မခံမရပ်နိုင်ဖြစ်တဲ့ လစ်ဗျယ် အုပ်စုက ဘယ်ခရိုနီတွေကလည်း ဘယ်လိုအနိုင်ကျင့်ကြောင်း၊ ဘယ်တုန်းက ဘယ်လိုဆိုတာတွေ ပြန်ဖွကြလိမ့်မယ်။ လူဂုဏ်ထန်တွေ တစ်စုကလည်း ချမ်းသာတဲ့လူတွေကို ကြည့်မရလို့လုပ်တာပါဆိုတဲ့ စွပ်စွဲ ချက်တွေ တသီကြီးပေးကြလိမ့်မယ်။ ဒီကလေး ၂ ယောက်ကို အသုံးချဖို့ ဆောင့်နေကြတဲ့ နိုင်ငံရေးသမား လူတစ်စုကလည်း အရင်အစိုးရ အသုံးမကျလို့ အခုအစိုးရ အသုံးမကျလို့ စစ်အာဏာရှင်တွေကြောင့်ဆိုပြီး ဆန္ဒ တွေပြကြလိမ့်မယ်။ ဘာပရိုဖိုင် ညာပရိုဖိုင်တွေ၊ ဖဲကြိုးတွေ ချိတ်လာကြလိမ့်မယ်။
ဒါတွေတင်ပြီးမယ်ထင်လား မထင်နဲ့ အလှူခံမဲ့လူတွေကလည်း တစ်ပုံကြီးဘဲ။ ဒီကြားထဲ ငါတို့သည် ငမွဲများသာ၊ ငါတို့သည် ဘောစေ့များ သာဆိုပြီး Troller တွေကလည်း ဝင်ပြီး မြှောက်ပေးကြလိမ့်မယ်။
တခြားနိုင်ငံမှာဆို ကလေး ၂ ယောက်ရန်ဖြစ်တာလို့ သုံးသပ်နိုင်ကြပေမယ့်။ ကိုယ်တွေနိုင်ငံမှာတော့ ကလေး ၂ ယောက် ရန်ဖြစ်တာ မဟုတ်ဘူး။ ကမ္ဘာမီးလောင်အောင် တစ်စိတ်ကို တစ်အိတ်နဲ့ မီးရှို့ကြတာ။ အဖြစ်ပျက် တစ်ရပ်ကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ကိုယ်ကျိုးရှာကြတယ်။
အခုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါတဲ့ တပ်မတော် ရဟတ်ယာဉ် ဟိုက်ဒရောလစ် ဆီယိုတယ်။ သိသိချင်း အန္တရာယ်ကင်းကင်းနဲ့ မြေမြင်ပြန်ဆင်းပြီး၊ နောက်တစ်စီးနဲ့ ဆက်ထွက် သွားတယ်။ မြေပြင်မှာ အားလုံးက ပုံမှန်အတိုင်းဘဲ။ Pilot ကလည်း သူ့တာဝန်ကို ကျေပြွန်အောင်ထမ်းဆောင် ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း Pilot ကိုတောင် မှန်ကန်တဲ့ ဆုံးဖြတ်ချတွေ အမြန်ချနိုင်လို့ ချီးကျူး ခဲ့တယ်။
အဲ့ဒီကိစ္စ အဲ့ဒီမှာတင်ပြီးဆုံးသွားပြီ။ မပြီးသေးနိုင်တာက ဖေ့ဘွက်ကြီးမှာ၊ ထင်မြင်ချက်အမျိုးမျိုးနဲ့ လိုရာ စွဲတွေး၊ စွဲရေးကြပြီ။ ကလေး ၂ ယောက်ရန်ဖြစ်ခဲ့ကြသလိုပဲ။ ဘယ်သူတွေက ဘယ်တုန်းက ဘယ်လို လုပ်ခဲ့ကြတာ။ ဒီလူတွေက ယုံရလို့လား၊ ဘာလား ညာလားနဲ့ တစ်စိတ်ကို တစ်အိတ်လုပ်ပြီး မှိုင်းတိုက်ကြပြီ။ ဒီကြားထဲ ပြည်ထောင်စုမိခင်ကြီးကို ရဟတ်ယာဉ်ကြီးတောင် ဝယ်ပေးမတဲ့။
ဘယ်လိုလူတွေက ဘာ့ကြောင့် ဒီလိုအတွေးတွေနဲ့ လုပ်ကြရတာလဲ။ သေချာတာတော့ အဖြစ်အပျက်တစ်ခုကို ကိုယ်လိုချင်တဲ့ဘက်ကနေ တွေးပြီး အမျက်ထုတ်နေကြတာပါပဲ။ ကျွန်တော်တို့ မြန်မာတွေ မနုံတော့ပါဘူး။ ဒီလုပ်ရပ်တွေနဲ့ ယဉ်ပါးလာခဲ့ တာ နှစ်တွေ ကြာညောင်းခဲ့ပါပြီ။ တစ်စိတ်ကို တစ်အိတ်လုပ်ပြီး မီးထိုးတဲ့ လုပ်ရပ်တွေ ရပ်ကြပါတော့။ အဖြစ် အပျက်သေးသေးလေးကနေ မီးထိုးကြလို့ မြန်မာနိုင်ငံက ပြည်သူတွေ အတော်ကိုပဲ ပူလောင်ခဲ့ကြပါပြီ။ ကိုယ့် အကျိုးအတွက် ပြည်သူတွေကို အပူမတိုက်ကြပါနဲ့လို့ မေတ္တာရပ်ခံရင်း ဒီစာလေးကို ရေးသားလိုက်ရပါတယ်။
-မိုးဟိဏ်း-

0 comments:
Post a Comment