#ကျွန်တော်ခြေလျင်စစ်သား
*********************
ဂီဒုန်းကိုတိုက်တော့…
သံဖိနပ်တွေနဲ့ မိုင်းကွင်းကို ဖြတ်နင်း
ရန်သူ့ဘန်ကာဆီ လက်ပစ်ဗုံးတွေ ပြေးပစ်သွင်းကြသတဲ့ ။
သြော် … …
မင်းတို့ အသက်တွေ
ကပစကနေထုတ်ပြီး ကွန်နိုင်းချိန်းပေးနိုင်တယ်များ
ထင်နေကြလေရော့သလား…
သိပ် မိုက်တဲ့ မောင်တွေ ။
တစ်ဆက်တည်းမှာပဲ …
ကိုလိုနီခေတ်နှောင်းကာလ
တို့ဗမာ အစည်းအရုံးက ကြော်ငြာကို အမှတ်ရမိပြန်လေတယ်...
''တိုင်းပြည် လွတ်လပ်ရေးအတွက်
လူမိုက် အလိုရှိသည် '' တဲ့ ။
အေးလေ …
မင်းတို့ရှေ့က မောင်တွေလည်း
မင်းတို့လိုပဲ မိုက်တွင်းနက်ခဲ့ကြတာပါပဲကွာ ။
အဲလိုတွေပြောတော့ …
လောက်ကိုင်တိုက်ပွဲက တပည့်ကျော်တစ်ယောက်ကိုသွားသတိရမိသေးတယ်
ရန်သူက ပစ်တဲ့ လက်ပစ်ဗုံးကို
လေထဲမှာတင် ပြန်ဖမ်း ပြန်ပစ်နေလို့
အတင်းပဲ အင်္ကျီကော်လံစကို ကုပ်ကိုဆွဲ..
ဇက်ပိုးကို နှစ်ချက်လောက်အုပ်ရင်း ဆဲခဲ့ရသေးတယ်လေ ။
''ခွေးသားလေး …
အသက်မှာ Spare Parts မပါဘူးကွ..
မှန်သွားရင် ပရုပ်ဆီလိမ်းလို့ မပျောက်ဘူး '' ဆိုတော့
''သေပါစေ ဗိုလ်ကြီးရာ
ကျွန်တော်သေသွား ကျွန်တော့်ခံစားခွင့်တွေ
ကျွန်တော့်အမေ စားရလိမ့်မယ် '' တဲ့ ။
သြော် … …
သိပ်မိုက်တဲ့ ကောင်တွေ ။
နောက်တစ်ယောက်လည်း မှတ်မိသေးတယ်
ကိုယ့်ရဲဘော်တွေကို အမှည့်ချွေနေတဲ့
ရန်သူ့စနိုက်ပါသမားအနားကို ကျားသစ်ချောင်းနဲ့ ဝပ်တက်
အနားရောက်မှ ဓားနဲ့ တဇွပ်ဇွပ် တက်ထိုး
အောက်ဘက်က အကာအကွယ်ကို ကျွမ်းထိုးလှိမ့်ချ
''ဟေ့ကောင် မင့်သေနတ်ရောဟ '' ဆိုတော့
''ကျန်ခဲ့ပြီ ဗိုလ်ကြီး
ဒီမှာ ဒါပဲပြန်ပါလာတယ် '' တဲ့
ကြည့်လိုက်တော့ ရန်သူ့ စနိုက်ပါကြီး ။
သွေးရဲရဲ သံရဲရဲတွေ ကြားထဲ
စပ်ဖြဲဖြဲ မျက်နှာကို ခုထိ မှတ်မိနေတုန်း ။
ခုတော့ …
သူရဲကောင်းမှတ်တမ်းဝင်ဆိုလား ဘာဆိုလားပဲ
ရှေ့တန်းပြန်ဝင်လာတော့ လမ်းဘေးမူးလဲနေလို့
ရိပ်သာထိ ထမ်းပိုးစောင်ခြုံသိပ်ခဲ့ရသေးတာပေါ့
တော်တော် မိုက်တဲ့ ကောင်တွေ ။
မိုးရွာကြီးထဲ …
ချမ်းလို့ ခိုက်ခိုက်တုန်နေတော့
''ဗိုလ်ကြီး ဒါလေးခြုံထား '' တဲ့
''မင်းတို့ကရောဆိုတော့ …''
စပ်ဖြဲဖြဲမျက်နှာနဲ့
''ရပါတယ် စစ်သား..မိုးစိုမှ လှတာ '' တဲ့
သြော် တော်တော်မိုက်တဲ့ ကောင်တွေ ။
ဒီလိုကောင်တွေနဲ့ လက်တွဲ
အသက်ကို ဖွဲ ဆန်ကွဲ ထင်မိတာ မှားလား
အဟက် ဟက် …။
နိုင်ငံရေးသော ဘာသော မသိ
စိတ်ထဲမှာ တိုင်းပြည်အတွက်ပဲ ရှိတဲ့ကောင်တွေ ။
ဟုတ်ကဲ့ …
အဲဒါ ကျနော်တို့ ခြေလျင်စစ်သား
သိပ်မိုက်တဲ့ ကောင်စားတွေလေဗျာ ။
credit-


0 comments:
Post a Comment