CDM လုပ်ဆောင်ရန် စည်းရုံးသိမ်းသွင်းထားသော အင်းစိန်မီးရထားစက်ခေါင်းစက်ရုံ၊ ကြို့ကုန်းမီးရထားဝန်ထမ်းအိမ်ရာ၊ နံ့သာကုန်းရပ်ကွက်မီးရထားဝန်ထမ်းအိမ်ရာနှင့် လှိုင်မြို့နယ် မီးရထားဝန်ထမ်း အိမ်ရာတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အေးချမ်းတည်ငြိမ်စွာ ထိန်းသိမ်းနိုင်ခဲ့
နေပြည်တော်၊ မတ် - ၁၃
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသော အုပ်စုများက အုပ်ချုပ်ရေး ယန္တရားပျက်ပြားစေရန်ရည်ရွယ်ကာ ဖေဖော်ဝါရီလ ၄ ရက်မှစ၍ နိုင်ငံတစ်ဝန်း လမ်းပန်း ဆက်သွယ်ရေးတွင်အဓိကကျသော ပစ်မှတ်များအဖြစ် မီးရထားလမ်းများအား ပိတ်ဆို့ခြင်း၊ ကားလမ်းများအား ပိတ်ဆို့တားဆီးခြင်းများအပါအဝင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၌ အဓိကကျသော မီးရထားဝန်ထမ်းများအား CDM တွင် ပါဝင်စေ၍ နိုင်ငံအတွင်း လမ်းပန်း ဆက်သွယ်ရေးကိစ္စရပ်များ ရပ်တန့်သွားစေရန် အဖျက်အမှောင့်လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအား ရပ်တန့်အောင် ဆောင်ရွက် လျက်ရှိသော နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် အုပ်စုများ၏ သွေးထိုး လှုံ့ဆော်မှုကြောင့် CDM တွင် ပါဝင်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မလွှကုန်း မီးရထား ဘူတာဝန်းအား မတ်လ ၁၀ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက သွားရောက်ညှိနှိုင်း ရှင်းလင်းပြီး အေးချမ်းတည်ငြိမ်စွာ ထိန်းသိမ်းနိုင်ခဲ့ကြောင်းကို သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
အဖျက်အမှောင့်သမားများ၏ CDM လုပ်ဆောင်ရန် နည်းမျိုးစုံဖြင့် ဖိအားပေး စည်းရုံးသိမ်းသွင်းခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှစတင်၍ အင်းစိန်မီးရထား စက်ခေါင်းစက်ရုံ၊ ကြို့ကုန်းမီးရထားဝန်ထမ်းအိမ်ရာ၊ နံ့သာကုန်းရပ်ကွက်မီးရထားဝန်ထမ်း အိမ်ရာနှင့် လှိုင်မြို့နယ်မီးရထားဝန်ထမ်းအိမ်ရာတို့ရှိ အချို့သော ဝန်ထမ်းများသည် CDM တွင်ပါဝင်ခဲ့ကြောင်း သိရှိရသည်။ ထိုကဲ့သို့ CDM တွင်ပါဝင်ခဲ့သည့် ဝန်ထမ်းများအား ယနေ့တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့်တာဝန်ရှိသူများက သွားရောက်၍ ဝန်ထမ်းများ၊ မိသားစု ဝင်များနှင့်တွေ့ဆုံဆွေးနွေး မှုများ ဆောင်ရွက်ပြီး အေးချမ်းတည်ငြိမ်စွာ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ CDM ပါဝင်ခဲ့သည့် ဝန်ထမ်းမိသားစုများနှင့် ဆွေးနွေးညှိနှိုင်းမှုများအရ မီးရထားဝန်းအသီးသီးတွင် ပိတ်ဆို့ထားသည့် အတားအဆီးများအား ဖယ်ရှားရှင်းလင်းခြင်းကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဝန်ထမ်းအချို့မှာ အဖျက်အမှောင့်သမားများ၏ ဝါဒဖြန့်ချိ မှုများ၊ ကောလဟာလသတင်းများကြောင့် ပြင်ပသို့ ထွက်ခွာသွားခဲ့သော်လည်း အများစုမှာ လက်ရှိနေထိုင်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာများတွင် နေထိုင်၍ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါဝန်ထမ်းများ၏ လုံခြုံရေးနှင့် လိုအပ်သည့် အကူအညီများကို တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
လူမှုကွန်ရက်များနှင့် ၎င်းမီဒီယာများပေါ်မှ သတင်းမှားများ လုပ်ကြံဖန်တီးမှုများ ကြောင့် အကြမ်းဖက်ဆူပူဆန္ဒပြသူများအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အင်အားကို အလွန်အကျွံသုံးစွဲဖြေရှင်းကြောင်း ဝေဖန်စွပ်စွဲမှုများ ရှိနေသော်လည်း လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် ဆူပူအကြမ်းဖက်မှုများ ဖြေရှင်းရာတွင် အကြမ်းဖက်လူအုပ်စု၏ လုပ်ဆောင်ချက် ပေါ်မူတည်၍ ၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ရုန်းရင်းဆန်ခတ်မှု လက်စွဲနှင့် လူစုလူဝေးအား ကြီးကြပ်ထိန်းသိမ်းခြင်းပါ ပြဋ္ဌာန်းဥပဒေများနှင့်အညီ အနည်းဆုံး အင်အား အနိမ့်ဆုံး အဆင့်မှစ၍ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment