ကျေးရွာ/ရပ်ကွက် စီမံအုပ်ချုပ်ရေးမှူးရုံးများပြန်လည်ဖွင့်လှစ်၍ အုပ်ချုပ်မှုယန္တရားများ မှန်ကန်စွာအကောင်အထည်ဖော်ဆောင်ရွက်
နေပြည်တော်၊ မတ် - ၁၁
တိုင်းဒေသကြီးနှင့် မြို့နယ်များအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအား ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရပ်ကွက်၊ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့များ ခန့်အပ်ထားရှိမှုအပေါ် ကျေနပ်မှုမရှိသည်ကို အကြောင်းပြ၍ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးများအား ဖိအားပေးခြင်း၊ စီမံအုပ်ချုပ်ရေးမှူးရုံးများတွင် အုပ်စုဖွဲ့ပြီး ရမ်းကားဆန္ဒပြခြင်း၊ စီမံအုပ်ချုပ်ရေးရုံး ဆိုင်းဘုတ်များဖြုတ်ချခြင်း၊ အဖျက်အမှောင့် စာများရေးသား၍ ရုံးရှေ့တွင် ချိန်ဆွဲခြင်း၊ သစ်သားချောင်းများဖြင့်ရိုက်ပိတ်ခြင်း၊ ရုံးအဝင်တံခါး များအား သော့ခတ်ခြင်း၊ တံခါးများအား သံချောင်းများဖြင့် ဂဟေဆော်ပိတ်ခြင်းများအား မင်းမဲ့စရိုက်ဆန်ဆန် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လာခြင်းကြောင့် ရပ်ကွက်၊ ကျေးရွာနေပြည်သူလူထုများအနေဖြင့် ဥပဒေ၏ အကာအကွယ်ကို မရရှိသည့်အပြင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှု ယန္တရားယိုယွင်းမှု များ ဖြစ်ပေါ်လာနိုင်ကြောင်း တွေ့ရှိရသဖြင့် ရပ်ကွက်၊ ကျေးရွာနေပြည်သူ လူထုနှင့် ရပ်မိရပ်ဖ များ၏ တောင်းဆိုချက်အရ အထက်ပါဖြစ်စဉ်များဖြစ်ပွားခဲ့သည့်နေရာများတွင် ဆူပူမှု ဖြစ်ပေါ်အောင်လှုံ့ဆော်သူများနှင့် ဆူပူမှုတွင် ပါဝင်ပတ်သက်သူများအား တရားဥပဒေနှင့် အညီ အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဥပဒေမဲ့ လုပ်ရပ်များလုပ်ဆောင်ပြီး ပိတ်ထားသည့် တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ရှိ အမှတ်(၄)ရပ်ကွက် ရပ်ကွက် စီမံအုပ်ချုပ်ရေးမှူးရုံး၊ ဘုတ်ပြင်းမြို့နယ်၊ နို့ငွါးကျေးရွာအုပ်စု၊ ကော့ဗမာကျေးရွာအုပ်စုနှင့် မသေကျေးရွာအုပ်စုများရှိ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးရုံးများ၊ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာ အုပ်စုနှင့် အရှေ့မော်တုန်းကျေးရွာအုပ်စုများရှိ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးရုံး၊ ပုလောမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ ဆင်ထိုးကြီးကျေးရွာအုပ်စု၊ ရှမ်းဒွတ်ကျေးရွာ အုပ်စု၊ ပုလောကုန်း ကျေးရွာအုပ်စုနှင့် မီးချောင်းသိုက်ကျေးရွာအုပ်စုများရှိ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးရုံးများ၊ ရေဖြူမြို့နယ်၊ နတ်ကြီးစင်ကျေးရွာ၊ ဖားချောင်းကျေးရွာနှင့် မင်းသားကျေးရွာများရှိ ကျေးရွာစီမံ အုပ်ချုပ်ရေးမှူးရုံးများ၊ သရက်ချောင်းမြို့နယ်၊ ပြင်းဖြူသာကျေးရွာနှင့် ပြင်းဖြူကြီး ကျေးရွာများရှိ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးရုံးများ၊ လောင်းလုံးမြို့နယ်၊ ညင်းဖော်ကျေးရွာ၊ ရေဖြူကျေးရွာ၊ ကဒက်ကြီးကျေးရွာ၊ ပြင်းချောင်းကျေးရွာ၊ သပြေရှောင်ကျေးရွာ၊ သကျက်တောကျေးရွာ၊ ဇလွတ် ကျေးရွာ၊ ကျောက်မတ္တပ်ကျေးရွာနှင့် ကျောက်နီမော်ကျေးရွာများရှိ ကျေးရွာစီမံ အုပ်ချုပ်ရေးမှူး ရုံးများ၊ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပုတီးကုန်းကျေးရွာနှင့်နင်းကြမ်း ကျေးရွာများရှိ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးရုံးများသို့ ယနေ့တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက သွားရောက်၍ ရပ်မိ^ရပ်ဖများ၊ ရပ်ကွက်နေပြည်သူများနှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီး အုပ်ချုပ်မှု ယန္တရားများ မှန်ကန်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ် ရေးမှူးရုံးများအား အသီးသီး ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment