Friday, March 12, 2021

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ပြည်သူ့အကျိုးပြုတစ်လတာ

 နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ပြည်သူ့အကျိုးပြုတစ်လတာ 



အိုးစည်ဗုံမောင်းတို့ အချက်ကျကျ၊ အချိုးညီညီပေါင်းစပ်ထားတဲ့ မြန်မာနိုင်ငံသားတိုင်း ကြားဖူးနေကျ ရွှေအိုးစည်တေးသွားက ကမ်းစပ်မှာ ပျံ့လွင့်နေပါတယ်။ တရွေ့ရွေ့နဲ့ကမ်းကို နီးကပ်လာတဲ့ သင်္ဘောကြီးသုံးစင်းကို မြင်တွေ့နေရပါတယ်။ သင်္ဘောကုန်းပတ်ပေါ်မှာတော့ အမိမြေကို ခြေချခွင့်ရကြသူတွေ စိတ်လှုပ်ရှားနေကြပါတယ်။ ကမ်းစပ်မှာလည်း ပြည်တော်ပြန်တွေအပြင် သွားရောက်ခေါ်ဆောင်၊ စောင့်ရှောက် ကူညီပေးကြတဲ့ တပ်မတော်သားတွေကိုပေးအပ်မယ့် အောင်ပွဲခံ သပြေနုတွေနဲ့ အိုးစည်ဗုံမောင်းတွေနဲ့ ပြည်သူတွေက ကြိုဆိုနေကြပါပြီ။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက မလေးရှားနိုင်ငံမှာ ရောက်ရှိနေပြီး နေရပ်ပြန်ဖို့ အခက်အခဲ တွေ့နေကြတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော်တို့ဟာ တပ်မတော်စစ်ရေယာဉ် (မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)နဲ့ စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့ကို စီးနင်းရင်း ပြန်လည်ရောက်ရှိလာခဲ့တဲ့ မြင်ကွင်းတစ်ခုပဲ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ နိုင်ငံရပ်ခြားမှာ ကာလကြာရှည်စွာ ပိတ်မိ၊  ဒုက္ခခံနေရတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိတို့မြန်မာနိုင်ငံသို့ ပြန်လာသင့်တဲ့အကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို အမြန်ဆုံးခေါ်ဆောင်နိုင်ရေး စီမံဆောင်ရွက်သွားရမှာ ဖြစ်တယ်ဆိုတဲ့ လမ်းညွှန်မှာကြားချက်အတိုင်း ဆောင်ရွက်ခဲ့ခြင်းရဲ့ အောင်မြင်မှု တစ်ရပ်ဆိုရင်လည်း မမှားပါဘူး။ မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၁၀၈၆ ဦးတို့ တပ်မတော်ရေယာဉ်တွေနဲ့  မလေးရှားနိုင်ငံ လူမွတ်ရေတပ်ဆိပ်ကမ်းကနေ ရန်ကုန်မြို့ အမှတ်(၃) ရေတပ်ဆိပ်ကမ်းဆီကို ပြန်လည် ခေါ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ လမ်းခရီးစဉ် တစ်လျှောက်မှာလည်း   လုံခြုံရေး၊ စားသောက်နေထိုင်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတို့ အပြည့်အဝ တာဝန်ယူ ပေးခဲ့တဲ့အတွက် ပြည်ပရောက်မြန်မာများအတွက် အားတက်ဖွယ် မျှော်လင့်ချက်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ယခုဆိုရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သက်တမ်းဟာတစ်လတာပြည့် မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ တစ်လတာအတွင်းမှာ အထက်မှာဖော်ပြခဲ့တဲ့ ပြည်ပမှာ အခက်အခဲကြုံနေရပြီး ပြည်တော်ပြန်ခွင့်မရခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို အခက်အခဲအမျိုးမျိုးကြားကနေ အောင်အောင်မြင်မြင်နဲ့ ခေါ်ယူနိုင်ခဲ့တာအပြင် များပြားလှတဲ့ နိုင်ငံတော်အတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး လိုအပ်ချက်များ၊ ပြည်သူများရဲ့ အခက်အခဲများစွာကို ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါတယ်။  ဒီနေရာမှာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဖြတ်သန်းမှု တစ်လတာအတွင်း ဆောင်ရွက်ချက်တွေ၊  ကြိုးပမ်းမှုတွေနဲ့ ပြည်သူ့အတွက် လုပ်ငန်း ဖော်ဆောင်မှုတွေကို တင်ပြပေးသွားမှာဖြစ်ပါတယ်။

နိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေက ဖေဖော်ဝါရီလ  ၁  ရက်နေ့စွဲနဲ့   အမိန့် တစ်ရပ်ကို ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီအမိန့်ဟာ နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်တဲ့   အမိန့်တစ်ရပ်ဖြစ်ပြီး အပြည့်အစုံ ကတော့ - (၁) ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာ ကွာခြားမှုများ ရှိနေသဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့ပါသည်။  (၂) နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှဆင်းသက်ရမည် ဖြစ်သော်လည်း ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆိုးဝါးစွာ လွဲမှားနေသည့် မဲစာရင်းများ ဖြစ်ခဲ့သဖြင့် ဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ပြည်သူ့ထံမှ အချုပ်အခြာအာဏာ ဆင်းသက်ရမည် ဆိုသည့်အချက်နှင့် ဆန့်ကျင်နေပါသည်။ (၃) မဲစာရင်းပြဿနာများကို ဖြေရှင်းရန် ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှု မပြုခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ရွှေ့ဆိုင်းပေးရန်တောင်းဆိုမှုအပေါ်  ရွှေ့ဆိုင်းပေးခြင်း မရှိသည့်အပြင် ပြည်သူ့လွှတ်တော် အစည်းအဝေး အစီအစဉ်များ ထုတ်ပြန်ကာ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်နေခြင်း ဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပါသည်။ ၎င်းကဲ့သို့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ မြို့/ဒေသအသီးသီးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို  မယုံကြည်သဖြင့် ဆန္ဒပြမှုများ များစွာ ဖြစ်ပေါ်လျက်ရှိပြီး အခြားပါတီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကလည်း ထောက်ခံပွဲ အလံလွှင့်ထူခြင်းများ အပါအဝင် လှုံ့ဆော်မှုမျိုးစုံ ပြုလုပ်နေကြောင်း တွေ့ရသဖြင့် နိုင်ငံတော်တည်ငြိမ်မှုကိုများစွာ ထိခိုက်စေလျက် ရှိသည်။ (၄) အဆိုပါပြဿနာများကို မှန်ကန်စွာဖြေရှင်းခြင်း မပြုပါက နိုင်ငံတော်၏ ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် အခက်အခဲများ ဖြစ်ပေါ်လာစေမည်ဖြစ်၍ ဥပဒေနှင့်အညီ ဖြေရှင်းရန် လိုအပ်ပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။   (၅) မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်း အပါအဝင် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၈  ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန် ပေးလိုက်သည်။ (၆) အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံတစ်ဝှမ်း ဖြစ်ကြောင်းနှင့်   အရေးပေါ် အခြေအနေအား   ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၇ အရ  ဤအမိန့်ထုတ်ပြန်သည့် နေ့မှစ၍   တစ်နှစ်သတ်မှတ်လိုက်သည်ဟူ၍ ဖော်ပြပါရှိပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ကြေညာချက်အမှတ် (၁/၂၀၂၁) ကို ယင်းနေ့မှာပင် စတင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာပါရှိတဲ့ ရှေ့ဆက်သွားမယ့် ဆောင်ရွက်ချက်ငါးချက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် Road Map လမ်းပြမြေပုံပဲ ဖြစ်ပါတယ်။

အဲဒီကြေညာချက်အတွင်းမှာ -  (၁)၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်  ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အခြေခံ အသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာ ကွာခြားမှုများ ရှိနေသဖြင့်   ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပျက်ကွက် ခဲ့ပါသည်။  ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးအား ခေါ်ယူ၍ ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း   ဆောင်ရွက်ရန်   ဆက်လက်ပျက်ကွက်ခဲ့သည်။   နိုင်ငံတော် သမ္မတအား အမျိုးသားကာကွယ်ရေးနှင့်     လုံခြုံရေးကောင်စီ အစည်းအဝေး    ခေါ်ယူဖြေရှင်း ပေးရန်     နှစ်ကြိမ်တင်ပြ ခဲ့သော်လည်း ငြင်းပယ်ခဲ့ပါသည်။  (၂) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို    ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို   ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်။ (၃) လတ်တလောဖြစ်ပွားနေဆဲ ဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေး လုပ်ငန်းများကို   အရှိန်အဟုန်မပျက် ထိထိရောက်ရောက်  ဆက်လက် ဆောင်ရွက်သွားမည်။ (၄) ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်    ထိခိုက်ခဲ့သည့်   စီးပွားရေး လုပ်ငန်းများအား   ဖြစ်နိုင်သမျှနည်းလမ်း များဖြင့်  အမြန်ဆုံးကုစားသွားမည်။  (၅) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်။  (၆) အရေးပေါ်ကာလဆိုင်ရာ    ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ    (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး   တရားမျှတသော  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံချိန် စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်ဟူ၍ ဖော်ပြပါရှိပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာလျက် နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်အား ယာယီသမ္မတထံက လွှဲပြောင်းတာဝန်ပေးထားတဲ့ ယနေ့မှစ၍ ဆောင်ရွက်မှာဖြစ်တဲ့အကြောင်း၊ နိုင်ငံတော်တာဝန် ဆောင်ရွက်ခြင်းအား ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ခြင်း မရှိသော တည်ဆဲဥပဒေများအတိုင်း လိုက်နာဆောင်ရွက်သွားမယ် ဆိုတာကို အတိအလင်း ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလ  ၂  ရက်နေ့မှာတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီကို တပ်မတော်တာဝန်ရှိ သူများနဲ့အတူ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို တပ်မတော်နှင့်အတူ  ထမ်းရွက်ကြမယ့် အရပ်သားပုဂ္ဂိုလ်များပါဝင်လျက် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ထို့အတူ ထိုနေ့ရက်တွေမှာပဲ အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးပိုင်းဆိုင်ရာများ   ဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများကို တိုင်းပြည်အတွက် အမှန်တကယ်ဆောင်ရွက်ပေးနိုင်မယ့် အတွေ့အကြုံ ရင့်ကျက်ပြီး အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်များကို စတင်ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။ ထို့နောက်မှာတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် အစရှိသည့် စီမံအုပ်ချုပ်ရေး အဖွဲ့များ၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပါအဝင်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့များနဲ့ နိုင်ငံတော်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးမယ့် ဌာနဆိုင်ရာ အကြီးအကဲများကိုလည်း ခန့်အပ်ခဲ့ပြီး တာဝန်များ အပ်နှင်းခဲ့ပါတယ်။

ထို့အတူ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေဖို့ တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကိုလည်း အဖွဲ့ဝင်ခုနစ်ဦးတို့ဖြင့်  ပြန်လည်ဖြည့်စွက် ဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အားလုံးအတွက် ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်လျက် ရှိနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ယင်းဦးတည်ချက် တွေမှာ နိုင်ငံရေးဦးတည်ချက် သုံးရပ်၊ စီးပွားရေး ဦးတည်ချက် သုံးရပ်နဲ့ လူမှုရေးဦးတည်ချက် သုံးရပ်တို့ ပါရှိပါတယ်။

နိုင်ငံရေး

(က) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊

(ခ) တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး  သဘောတူစာချုပ် (NCA)ပါအတိုင်း   အလေးထားလုပ်ဆောင်ရေး၊

(ဂ) လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံ များအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး “မူ”ကို ဆက်လက်လိုက်နာကျင့်သုံးရေး၊

စီးပွားရေး

(က) စိုက်ပျိုးရေးနှင့်  မွေးမြူရေးကို အခြေခံသည့်   ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း   ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊

(ခ) ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏  စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊

(ဂ) ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး၊

လူမှုရေး

(က) စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊

(ခ) တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး၊

(ဂ) တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေးစတဲ့ ဦးတည်ချက်တွေ ထားရှိဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

နိုင်ငံရေးဦးတည်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်မှုများ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်အား ပြည်သူလူထုကို မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြည်သူကို ပြောကြားတဲ့မိန့်ခွန်းမှာ “ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ကို ခေတ္တထိန်းသိမ်းပေးထားတဲ့ကာလအတွင်းမှာ နိုင်ငံခြားရေးမူဝါဒ၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့မူဝါဒ၊ စီးပွားရေးနဲ့ပတ်သက်တဲ့ မူဝါဒများ လုံးဝပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ လက်ရှိသွားနေတဲ့  နိုင်ငံရေးလမ်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ ခုနှစ်) အတိုင်းမပြောင်းလဲဘဲ ဆက်လက်တည်ရှိပါမယ်။ ကမ္ဘာ့နိုင်ငံတိုင်းနဲ့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသွားမှာဖြစ်ပါတယ်” ဟု အလေးအနက်ထည့်သွင်းပြောကြားထားခဲ့ပါတယ်။

 တိုင်းပြည်တည်ငြိမ်အေးချမ်းခြင်းနှင့် တရားဥပဒေစိုးမိုးခြင်း၊ ပြည်သူများအေးချမ်း စွာနေထိုင်ခြင်းကို ပျက်စီးစေမည့်လုပ်ရပ်များ မဖြစ်ပွားစေရေးအတွက်  နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် မြို့နယ်များတွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ အမိန့်တစ်ရပ်ကို ဖေဖော်ဝါရီလ ၈ ရက်တွင် စတင်ထုတ်ပြန်ခဲ့ပြီး ပြည်သူများ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။

ထို့ပြင်  ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက   သဝဏ်လွှာပေးပို့ကာ တိုင်းရင်းသားပြည်သူများအားလုံး လက်တွဲ ညီညွတ်စွာဖြင့် ပြည်ထောင်စုကြီး မပြိုကွဲစေရန်နှင့် ကပ်ရောဂါကာလအတွင်း ဖြစ်စေကာမူ  တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာမှု လျော့ပါးစေရန်၊ ကပ်ရောဂါအလွန် ကာလများတွင်လည်း တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ အလျင်အမြန်ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အတူတကွ ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ပြည်သူလူထုထံမိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။   အဲဒီမိန့်ခွန်းထဲမှာ ပြည်သူလူထုအပေါ်    စေတနာထားကာ နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် လုပ်ကိုင်ပေး လျက်ရှိတဲ့ နိုင်ငံ့ဝန်ထမ်းများ စိတ်အေးချမ်းသာစွာ အလုပ်လုပ်ကိုင် နိုင်ရန်အတွက် အစီအမံများကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

ယခုနှစ်ပြည်ထောင်စုနေ့၌ နိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေချိန်တွင် ပြစ်ဒဏ်ကျ  အကျဉ်းသား၊  အကျဉ်းသူများမှလည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်အတွက် လည်းကောင်း၊     နိုင်ငံအချင်းချင်း   မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသော အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသော အားဖြင့် လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျ ခံနေကြသော  အကျဉ်းသား၊ အကျဉ်းသူ ၂၃၃၁၄ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၅၅ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာ ခွင့်ပြုပေးခဲ့ပါတယ်။

နိုင်ငံတကာနှင့်ဆက်ဆံရေး

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ စပ်လျဉ်းသည့် အကြောင်းအရာများနှင့် ရှေ့ဆက် လျှောက်လှမ်းမည့် လုပ်ငန်းစဉ်များ၊ နိုင်ငံခြားရေးမူဝါဒများကို လည်း ဖေဖော်ဝါရီလ   ၅ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ  အထူးကိုယ်စားလှယ်ဖြစ်သူအား လည်းကောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်တို့က မြန်မာနိုင်ငံအခြေစိုက် ပြည်ပသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များနှင့်  ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ  အကြီးအကဲများအားလည်းကောင်း    ဗီဒီယိုကွန်ဖရင့်ဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ပါတယ်။ ထို့အတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက   ဘရူနိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီဒီယိုကွန်ဖရင့်ဖြင့် နှစ်နိုင်ငံတပ်မတော်တို့ ကိုဗစ်အလွန်ကာလများတွင် သင်တန်းဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပခဲ့တဲ့  လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေးမှာလည်း မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး  ဦးမြင့်သူက မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ အစည်းအဝေးတွင်   ဗြိတိန်နှင့် အီးယူတို့မှ ဦးဆောင်၍ မြန်မာနိုင်ငံ၏ လတ်တလော အခြေအနေဆိုင်ရာ   အဆိုမူကြမ်းတစ်ရပ် တင်သွင်းခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် ဆုံးဖြတ်ချက်မူကြမ်းကို သဘောမတူကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးရာမူဝါဒကော်မတီ၏ ၁/၂၀၂၁ အစည်းအဝေးကိုလည်း   ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးအတွင်း   နိုင်ငံခြားရေးရာမူဝါဒ  ကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံခြားရေးမူဝါဒများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်လျက်ရှိသည့်အခြေအနေများ၊ ပြည်ပနိုင်ငံများတွင် ရောက်ရှိ နေကြသည့် မြန်မာနိုင်ငံသားများအတွက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများ   အရှိန်အဟုန်မြှင့်တင်နိုင်မည့် အခြေအနေများနှင့် နိုင်ငံတကာနှင့် စီးပွားရေးရာ ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများကို  ဆွေးနွေးခဲ့ကြပါတယ်။

ထို့အတူ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သြစတြေးလျတပ်မတော်၏ Vice Chief of the Defence Force ဖြစ်သူ Vice  Admiral David Johnston AO RAN   နဲ့ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကို တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ပြီး သိရှိလိုသည့် အချက်များကိုလည်း ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီလ  ၂၄  ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ  ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး   ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)၊  ထိုင်း ဒုတိယဝန်ကြီးချုပ်နဲ့  နိုင်ငံခြားရေးဝန်ကြီးတို့နဲ့  သီးခြားစီတွေ့ဆုံခဲ့ပါတယ်။ ထို့အတူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့စဉ် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနဲ့ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေများကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါတယ်။    

 ဆက်လက်ဖော်ပြပါမည်။

0 comments:

Post a Comment