ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်
နေပြည်တော်၊ မတ် - ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံနှင့် သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည် မြို့နယ်၊ စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်း ဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာ တိုက်နယ် ဆေးရုံနှင့် လက်ပံတန်းမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့်လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများ လာရောက်ကုသပေးနိုင် ပါရန် အကူအညီ တောင်းခံမှုကြောင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်နယ်များအလိုက် တပ်မတော်ဆေးရုံမှ၊ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့်သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့အား စေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရသည့်ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါဆေးရုံများ၌ တပ်မတော်ဆေးကုသရေးအဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆက်လက် ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့ ပြည်သူ့ဆေးရုံရှိ ဆရာဝန်များနှင့် သူနာပြုများသည် ၎င်းင်းတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်းမရှိဘဲ တာဝန်များ ပျက်ကွက်လျက်ရှိပြီး ဆေးရုံ၌ အထက်တန်းသူနာပြု ၆ ဦးတို့ဖြင့် ဒေသခံပြည်သူများကို ဆေးထည့်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့သာ ဆောင်ရွက်ပေးနိုင်သဖြင့် ဆေးကုသရန်အခက်အခဲများဖြစ်ပေါ်လျက်ရှိသောကြောင့် ဒေသခံပြည်သူများက အနောက် မြောက်တိုင်းစစ်ဌာနချုပ်သို့ အကူအညီတောင်းခံလာခဲ့သည်။ ထို့ကြောင့် မတ် ၁၂ ရက်တွင် တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မှ တပ်မတော်သားဆရာဝန်များနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့အား အဆိုပါဆေးရုံသို့ စေလွှတ်ခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ က ကြိုဆိုခဲ့ကြောင်းနှင့် သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား ဆေးကုသပေးထားမှုအခြေအနေများ၊ ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေး သည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးမှုအပေါ် ဒေသခံပြည်သူများအနေဖြင့် အထူးပင် ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိသည်။


0 comments:
Post a Comment