Saturday, March 13, 2021

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ ဆူပူအကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ ဆူပူအကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်

နေပြည်တော်၊ မတ် - ၁၃





မြန်မာနိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိပြီး ဆူပူအကြမ်းဖက်သူများအနေဖြင့် အစိုးရလုပ်ငန်း ယန္တရားလည်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေရန် ရည်ရွယ်၍ အများပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်းများအား နည်းလမ်းမျိုးစုံ အသုံးပြု၍ ပိတ်ဆို့ခြင်းများအပါအဝင် အခြားအဖျက်အမှောင့်လုပ်ရပ်များကို ပြုလုပ်လျက်ရှိ သည်။

ထိုသို့ဥပဒေမဲ့လုပ်ရပ်များကို ကျူးလွန်လျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်အတွင်း ဆူပူအကြမ်းဖက်လိုသူလူတစ်စုက ရပ်ကွက် အတွင်း ဝင်ထွက်သွားလာနိုင်သည့် လမ်းများအား သဲအိတ်များဖြင့် ပိတ်ဆို့ခြင်း၊ သုံးညှောင့်သံဆူး အတားအဆီးများ ချထားခြင်း၊ အုတ်ခဲ၊ ကျောက်ခဲများ ချထားခြင်းစသည့် နည်းလမ်းများဖြင့် လမ်းများပိတ်ဆို့၍ ဆူပူဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ အများပြည်သူအသုံးပြုလျက်ရှိသော လမ်းများအား ပိတ်ဆို့ပြီး ဆူပူဆန္ဒ ပြမှုများ ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လူစုခွဲခြင်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်စဉ် ဆူပူအကြမ်းဖက်သူများက ညာသံပေး အော်ဟစ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်မီးခိုးဗုံးများ၊ လောင်ကျွမ်းပေါက်ကွဲစေတတ်သော မီးရှို့ထားသည့် ဓာတ်ဆီပုလင်းများဖြင့် ပစ်ပေါက်ခြင်း၊ Air Short Gun ၊ လက်လုပ်သေနတ် များ၊ တုတ်၊ ဓားများ၊ ဂျင်ကလိများ၊ လေးခွများဖြင့် ပစ်ခတ်၍ အကြမ်းဖက် လူအုပ်စု(Anarchy Mob )အသွင်သို့ ဦးတည်ဆောင်ရွက်ချက်များကို လူမှုကွန်ရက်စာမျက်နှာပေါ်၌ ယခုလိုဘဲတွေ့ရှိခဲ့ရပါသည် ။

ထိုကဲ့သို့ အကြမ်းဖက် လူအုပ်စု(Anarchy Mob )အသွင်သို့ ဦးတည်ဆောင်ရွက် လာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်ဖြင့် လူစုခွဲခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပိတ်ဆို့ထားသည့်အတားအဆီးများအား အဆင့်ဆင့် ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဆူပူအကြမ်းဖက်သူများအသုံးပြုခဲ့ သည့် သံဒိုင်းများ၊ သံတုတ်များ၊ ဂျင်ကလိများ၊ ဓားရှည်များ၊ လက်လုပ်မိုင်းများအား သိမ်းဆည်းရမိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်ဆူပူမှုများ ထပ်မံဖြစ်ပွားမှုမရှိစေရေး ဆူပူဆန္ဒပြသူများ၏ စုရပ်အဖြစ် သတ်မှတ်ထားသည့် နေရာတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက ထပ်မံရှာဖွေမှုများဆောင်ရွက်ခဲ့ရာ ဆူပူဆန္ဒပြသူများအသုံးပြုသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ခဲသီးအသုံးပြုပစ်ခတ်နိုင်သည့်သေနတ်များ၊ ကျည်ကာအင်္ကျီများ၊ မီးသတ်ဆေးဗူးများ၊ ဝါးဆစ်မိုင်းများ၊ တိတ်များဖြင့် ပတ်ထားသော လက်လုပ်မိုင်းများ၊ ဒိုင်းကာများ၊ တုတ်၊ ဓားများအား ထပ်မံ၍သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်ဆန္ဒပြသူများအနက်မှ အမျိုးသား ၆၁ ဦး၊ အမျိုးသမီး ၉ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးတို့မှာ ဒဏ်ရာရရှိခဲ့သဖြင့် လိုအပ်သော ဆေးဝါးကုသမှုများဆောင်ရွက်ပေးလျက်ရှိသည်။

ဆူပူဆန္ဒပြသူလူတစ်စုအနေဖြင့် အစိုးရအုပ်ချုပ်မှုယန္တရားကို ဟန့်တားနှောင့်ယှက် မှုများ ပြုလုပ်လျက်ရှိသည့်အပြင် အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများကိုလည်း ဖိအားပေး ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ဟန့်တားခြင်းများကို ဆောင်ရွက်ခြင်း၊ အများပြည်သူများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများလုပ်ဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အသက်အန္တရာယ်အား ခြိမ်းခြောက်သည်အထိ မင်းမဲ့စရိုက်ဆန်သည့် အကြမ်းဖက်လူအုပ်စု (Anarchy Mob )အသွင်သို့ ဦးတည်ဆောင်ရွက်လာသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment