Monday, September 28, 2020

ကမ္ဘာမှာ ရန်သူအများဆုံး အဝိုင်းခံထားရတဲ့ တပ်မတော်

ကမ္ဘာမှာ ရန်သူအများဆုံး အဝိုင်းခံထားရတဲ့ တပ်မတော်

 
နိုင်ငံရေးသမားတွေနဲ့တစ်ချို့ပြည်သူတွေက မြန်မာနိုင်ငံမှာ ပြည်ပရန်မရှိဘူးလို့ ထင်ကြတယ်။ ကာကွယ်ရေး အသုံးစရိတ်များပြားတာဟာ တပ်ရဲ့အာဏာတည်ဆောက်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့လဲ မြင်ကြတယ်.။ တကယ်တော့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းကနေ ပြည်တွင်းရန်၊ပြည်ပရန် အမြဲတမ်းခြိမ်းခြောက် ခံနေခဲ့ရတဲ့ နိုင်ငံ..။

ဓာတ်ပုံရှင်းလင်းဖော်ပြချက်ကို ကြည့်၍မရနိုင်ပါ။

မြန်မာနိုင်ငံမှာ ခြေကုပ်ယူချင်တဲ့ တရုတ်ဖြူ ကူမင်တန်တွေ၊ ကွန်မြူနစ်ပါတီချင်း ၁၀ နှစ် သဘောတူညီချက်နဲ့ တရုတ်အထောက်အပံ့ယူပြီး မြေပေါ်မြေအောက် စစ်ဆင်ရေးလုပ်ခဲ့တဲ့ ဗကပတွေ၊ ဦးနုရဲ့ကောင်းမှုနဲ့ အနောက်နိုင်ငံတွေရဲ့ အထောက်အပံ့ကို ရလာခဲ့တဲ့ နယ်စပ်သောင်းကျန်းသူတွေ၊ တပ်မတော်သမိုင်း၊ ပြည်တွင်းသောင်းကျန်းမှု သမိုင်းတွေကိုဖတ်ကြည့်ရင် ကောင်းကောင်းသိတယ်။

အမေရိကန်ရဲ့ စစ်ရေးအရတိုက်ရိုက်ခြိမ်းခြောက်မှုက ၁၉၈၈ မှာ စတယ်။ ၁၉၈၈ စက်တင်ဘာ ၁၂ ရက်နေ့မှာ အမေရိကန်ရေတပ်က လေယာဉ်တင်သင်္ဘော Coral Sea ဦးဆောင်တဲ့ စစ်သင်္ဘော ၅ စီး ရန်ကုန်မြစ်ဝကို ရောက်လာခဲ့တယ်။ အမေရိကန်သံရုံးသံမှူး မစ္စတာရစ်ချက်ကို ခေါ်ပြောမှ နောက်နေ့မှာ ပြန်သွားခဲ့ကြတယ်။ နယ်စပ်သောင်းကျန်းသူတွေက တစ်ဖက်၊ ပြည်တွင်းဆူပူမှုတွေက တစ်ဖက်၊ ပြည်ပခြိမ်းခြောက်မှုက တစ်ဖက်၊ အမေရိကန်စစ်တပ်ဝင်လာတော့မယ်ဆိုပြီး သတင်းမှားတွေကတစ်ဖက်၊ ဝင်လာတဲ့တပ်တွေကို ကြိုမယ်ဆိုတဲ့ သစ္စာဖောက်ပုဆိန်ရိုးတွေက တစ်ဖက်၊ ၈၈ ဆိုတာ ချောက်ထဲကျဖို့လက်တစ်လုံးအလိုဆိုပြီး အဲဒါကြောင့် ပြောခဲ့ကြတာ..။

အခုအချိန်မှာ ထိုင်းနဲ့ဆက်ဆံရေးတည်ငြိမ်နေပေမယ့် မြန်မာနဲ့ထိုင်းအကြား စစ်ရေးအရ ထိပ်တိုက်ဆုံခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီးရှိခဲ့ဖူးတယ်။ ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ တာချီလိတ်မြို့နားက အိုတောင်ကုန်း တိုက်ပွဲမှာဆို ထိုင်းနိုင်ငံထဲကနေ လက်နက်ကြီးနဲ့ပစ်ကူပေးခဲ့ကြတယ်။ မြန်မာနိုင်ငံထဲက စခန်းတွေကို SURA က တိုက်တဲ့အချိန် ယိုးဒယားဘက်က ပစ်ကူပေးတာ။ အဲဒီနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့ က ယိုးဒယား ရဟတ်ယာဉ်တစ်စီး ပစ်ချခံလိုက်ရတဲ့နောက်မှာ ယိုးဒယားဖက်က F5 E အမျိုးအစား , F 16 အမျိုးအစား ဂျက်တိုက်လေယာဉ်တွေကို ပျံဝဲပြီး ခြိမ်းခြောက်တယ်။ အဲဒီအချိန် မြန်မာဘက်မှာက F-6 တိုက်လေယာဉ်တွေကို ယှဉ်နိုင်တဲ့လေယာဉ်မရှိသေးဘူး။ ကိုယ့်ဆီမှာရှိတဲ့ F-7 ၄ စီးနဲ့ ချမယ်ဆိုပြီး ပြန်လုပ်ခဲ့ရတယ်။

၂၀၀၂ ခုနှစ်ကတော့ ထိုင်းနဲ့မြန်မာကြား စစ်ရေးအရရင်ဆိုင်မှု အပြင်းထန်ဆုံးလို့ ပြောလို့ရတယ်။ ထိုင်းက နယ်စပ်မှာ သံချပ်ကားကားတွေအပါ အင်အား ၄၅၀၀၀ Surasi 143 ဆိုတဲ့စစ်ရေးလေ့ကျင့်ခန်းလုပ်တယ်။ မြန်မာနိုင်ငံထဲမှာ SURA က တပ်စခန်းတွေကို ဝင်သိမ်းတယ်။ မြန်မာဘက်က ကြည်း၊ရေ၊လေ အကုန် စစ်ဆင်နွှဲဖို့ ပြင်ခဲ့ရသလို သတင်းစာတွေကတစ်ဆင့်လဲ စိတ်ဓာတ်စစ်ဆင်ရေးတိုက်ပွဲတွေ ဆင်နွှဲခဲ့ရတယ်။ ကျွန်မဖြစ်ပေမယ့် ကျွန်စစ်တယ် ဆိုတဲ့ ဆောင်းပါးရေးလို့ ဒေါက်တာ မတင်ဝင်း ထိုင်းပြည်ဝင်ခွင့် အပိတ်ခံခဲ့ရတာ အဲဒီခေတ်။

အိန္ဒိယဘက်ကလေယာဉ်တွေ မြန်မာ့ဝေဟင်နယ်နိမိတ်ပေါ်က ဖြတ်ကျော်ခဲ့တဲ့ ကိစ္စတွေ၊ အိန္ဒိယတပ်တွေ မြန်မာ့နယ်ထဲကျူးကျော်ဝင်လာတဲ့ ပြဿနာမျိုးတွေလဲ ရှိတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ရေတပ်ချင်း အားပြိုင်ရတဲ့ ကိစ္စတွေလဲ ရှိတယ်။ မြန်မာနိုင်ငံကို နည်းလမ်းအမျိုးမျိုးနဲ့ သွေးတိုးမစမ်းဖူးတဲ့ အိမ်နီးချင်းနိုင်ငံဆိုတာ မရှိဘူး။

ကျားချောင်းသလို ချောင်းနေခဲ့ကြတဲ့ အနောက်နိုင်ငံတွေက ၂၀၀၈ နာဂစ်ကို အခွင့်ကောင်းယူပြီး မြန်မာ နိုင်ငံထဲ ဝင်ဖို့လဲ ကြိုးစားခဲ့ဖူးတယ်။ ထိုင်းရေပိုင်နက်ထဲမှာ အမေရိကန်ရေတပ်အုပ်စု ရှိတယ်။ မြန်မာနိုင်ငံထဲကို တိုက်ရိုက်အကူအညီ ဝင်ပေးမယ်ဆိုပြီးပြောတယ်။ ဗြိတိန်တို့၊ ပြင်သစ်တို့ကလဲ စစ်သင်္ဘောတွေနဲ့ အကူအညီ ယူလာတယ်။ အားလုံးတောင်းဆိုကြတာက စစ်သင်္ဘောနဲ့အကူအညီတွေဝင်ခွင့်ပေးဖို့၊ မြန်မာဘက်က ပြောတာကို စေတနာမှန် ရင် အကူအညီတွေပဲပေး၊ စစ်သင်္ဘောတွေ မဝင်နဲ့..။ အဲဒီအချိန် အင်တာနက်ပေါ်မှာ အမေရိကန်စစ်တပ်တွေ ဝင်လာရင် ဘယ်လိုကြိုကြမယ်ဆိုပြီး လှုံ့ဆော်တာတွေ ဖြစ်နေပြီ။

မြန်မာနိုင်ငံထဲမှာ အနောက်အုပ်စု လိုလားတဲ့သူတွေ အများကြီးရှိတယ်။ နိုင်ငံကွဲထွက်တာ၊ စစ်မီးတောက်တာ ကို ဂရုမစိုက်တဲ့ နိုင်ငံရေးသမားတွေလဲ အများကြီးရှိတယ်။ နိုင်ငံရေးသမားတွေ တွေးတာက အာဏာ၊ တပ်မတော်တွေးတာက အချုပ်အခြာအာဏာ။

ဒါကြောင့် တပ်မတော်က သူနိုင်ငံကိုဦးဆောင်တဲ့ ကာလတစ်လျှောက်လုံး စစ်ရေးအင်အားကို ဖြည့်တင်းတယ်။ အမျိုးသားညီလာခံပြန်စပြီး ခြေဥ ရေးနေကတည်းက ဘယ်နိုင်ငံရေးသမားတွေ အာဏာရလာမလဲ၊ သူတို့အာဏာရရင် တပ်မတော်ကို ဘယ်လိုလုပ်ကြမလဲဆိုတာလဲ ကြိုတွေးပြီးသား။ အာဏာရလာရင် စစ်သင်္ဘော၊ စစ်လေယာဉ်တွေ ဝယ်ဖို့မပြောနဲ့၊ ကာကွယ်ရေးအသုံးစရိတ် အကုန်ဖျက်ချလို့ရရင် ဖျက်ချမယ်ဆိုတာလဲ သိပြီးသား။

လက်ရှိမြန်မာ့တပ်မတော်က ကမ္ဘာမှာ အဆင့် ၃၅၊ အာရှမှာ အဆင့် ၁၆။ ဘယ်ပြည်ပကျူးကျော်စစ်ကိုမဆို ရင်ဆိုင်နိုင်တဲ့ အင်အားကောင်းကောင်းရှိတယ်။ ခု ဘင်္ဂလားဒေ့ရှ်က နယ်စပ်မှာ တပ်အင်အားတိုးချတာတွေ လုပ်နေတယ်။ ရှိတ်ဟာဆီနာက မြန်မာနိုင်ငံကိုဖိအားပေးဖို့ UN ကို တောင်းဆိုထားတယ်။ ပြည်တွင်းမှာက တပ်မတော်ကို ချုပ်ကိုင်ဖို့နည်းလမ်းမျိုးစုံအကြံပေးနေတဲ့ ပြည်ပအကြံပေးတွေ ရှိနေတယ်။ ပြီးတော့ တောမီးလောင်တာနဲ့ လက်ခမောင်းထခတ်မယ့် တောကြောင်တွေ..။

ပြည်ပရန်ကတစ်ဖွဲ့၊ ပြည်တွင်းရန်က တစ်ဖွဲ့၊ အာဏာယူပြီး တပ်မတော်ကိုဖြိုချင်တဲ့ လူတွေက တစ်ဖွဲ့၊
ကမ္ဘာမှာ ရန်သူအများဆုံး အဝိုင်းခံထားရတဲ့ တပ်မတော်လို့ ပြောရင်တောင် ရတယ်။

ဦးတိမ်

0 comments:

Post a Comment