တပ်မတော်ရုံးစာအတုပြုလုပ်ကာ လူမှုကွန်ယက်တွင်ဖြန့်ဝေသူအား စုံစမ်းစစ်ဆေးမည်

ထိုင်းနိုင်ငံ၌နေထိုင်သည့် မင်းဒင်အမည်ဖြင့် လူမှုကွန်ယက်တွင် အသုံးပြုသူတစ်ဦးက တပ်မတော်၏ ရုံးစာပုံစံ အတုပြုလုပ်ကာ မိတ်ဖက်ပါတီအောင်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့်ဆပ်ကော်မတီဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှု အကြောင်းကြားခြင်း ဟူသော အကြောင်းအရာပါသည့်စာကို လူမှုကွန်ယက်၌ ဖြန့်ဝေခဲ့ရာ ၎င်းစာမှာအတုဖြစ်ပြီး မည်သို့သော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ကို စုံစမ်းစစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောဆိုသည်။
အဲဒါနဲ့ပတ်သက်ပြီးပြောချင်တာက နံပါတ်(၁) အဲဒီစာသည် အတုဖြစ်တယ်။ နံပါတ်(၂) ဒီစာကို အစိုးရနဲ့တပ်မတော်ကြား၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေကြား ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာ ထင်ယောင်ထင်မှားဖြစ်အောင် ရန်တိုက်ပေးတဲ့သဘောနဲ့လုပ်ဆောင်တာဖြစ်တယ်။
ထိပ်တန်းလျှိ့ဝှက်စာဆိုတာ သူ့သတ်မှတ်တဲ့ လုပ်ထုံးလုပ်နည်းစည်းမျဉ်းတွေအများကြီးရှိတယ်။ ဥပမာအားဖြင့် ထိပ်တန်းလျှို့ဝှက်စာကို တပ်နံပါတ်နဲ့ဖြန့်ဝေတာမျိုးမရှိဘူး။ တပ်မှာ ရှိတဲ့ လူပုဂ္ဂိုလ်ရဲ့ နာမည်၊ ရာထူး၊ တပ်အမည် စသဖြင့် တိတိကျကျဖြန့်ဝေတယ်။ ထိပ်တန်းလျှို့ဝှက်အဆင့်အတန်းစာသည် စောင်ရေအတိအကျ ကန့်သတ်ပြီးထုတ်ဝေတာဖြစ်တဲ့အတွက် စောင်ရေအမှတ်ပါတယ်။ ထိပ်တန်းလျှို့ဝှက်အဆင့်ရှိတဲ့စာကို ပေးပို့ရာမှာ ချိတ်ပိတ်ပြီးသာ ပေးပို့ပြီး ဖွင့်ဖောက်ခွင့်ရှိတဲ့သူကလည်း လိပ်မူထားသူပဲ ဖွင့်ဖောက်ခွင့်ရှိတယ်။
နောက်တခါ ထိန်းသိမ်းတဲ့နေရာမှာလည်း လိပ်မူတဲ့အရာရှိ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ အရာရှိတယောက်ကပဲ ထိန်းသိမ်းရတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စဟာ တပ်မတော်ရဲ့ ရုံးစာကို တုပ ရေးပြီး ပိပိရိရိလိမ်ထားတဲ့ သဘောမျိုးဖြစ်တယ်။ ပြည်သူလူထုအနေနဲ့ရော၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ရော ရွေးကောက်ပွဲနီးလာချိန်မှာ ဒီလိုမျိုး သွေးခွဲသပ်လျှိုမှုတွေများပြားလာတာဖြစ်လို့ သတိရှိကြဖို့ လိုတယ်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှပြောဆိုသည်။
အဆိုပါ မင်းဒင်အမည်ဖြင့် လူမှုကွန်ယက်အသုံးပြုသူမှ တပ်မတော်ရုံးစာအတုအား ဖြန့်ဝေရာတွင် ပြန်လည်ဖြန့်ဝေသူ (၂၀၀၀) ကျော်ရှိခဲ့သည်။
0 comments:
Post a Comment