မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်ရှိ ထီးသုံးဆင့် ဘုရားအဝင်ပေါက်ရှေ့တွင် အောက်တိုဘာလ ၂၆ ရက်နေ့ မနက် (၉) နာရီ အချိန်တွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့က တပ်မတော်ထောက်ခံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
“အဓိကရည်ရွယ်ချက်က ကျွန်တော်တို့က စစ်မှုထမ်းဟောင်းအဖွဲ့အစည်းဖြစ်တယ်။ တပ်မတော်ကို ကျောထောက်နောက်ခံလုပ်ပြီးတော့ ကျွန်တော်တို့က ပရဟိတလုပ်ငန်းတွေကို လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ စစ်မှုထမ်းဟောင်းများရဲ့ စားဝတ်နေရေး လူမှုရေးထောက်ပံ့တဲ့လုပ်ငန်းတွေကို လုပ်နေတဲ့အဖွဲ့အစည်းဖြစ်တယ်။ အဲဒီလိုပရဟိတလုပ်ငန်းတွေကို လုပ်နေတဲ့အတွက်ကြောင့် တပ်မတော်ကို ထိခိုက်စေမယ့် နစ်နာစေမယ့် ဂုဏ်သိက္ခာပျက်ပြားစေမယ့် ဖြစ်ရပ်မျိုးတွေ ကြုံလာမယ်ဆိုရင် တပ်မတော်ကို အဓိက အထောက်အပံ့ အထောက်အကူပြုတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို ပြချင်တဲ့သဘောပါ”ဟု မိတ္ထီလာ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဦးကံဝင်း (အငြိမ်းစားဗိုလ်မှုး) က ပြောကြားသည်။

အဆိုပါ ထောက်ခံပွဲကို ထီးသုံးဆင့်ဘုရားတွင် မူလစုရပ်အဖြစ်သတ်မှတ်ပြီး ထိုမှတစ်ဆင့် မိတ္ထီလာနာရီစင်ကို ပတ်ရန် စီစဉ်ထားသော်လည်း အသက်အရွယ်ကြီးသူများ ခြေထောက်မသန်စွမ်းတော့သူများပါဝင်နေ၍ လမ်းလျှောက်မည့်အစီအစဉ်ကို မပြုလုပ်ရန် တိုင်းကြီးကြပ်အဖွဲ့မှ ယမန်နေ့က ညွှန်ကြားချက်ပေး၍ ရပ်လျက်သာ ထောက်ခံပွဲပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ လူအင်အား နှစ်ရာခန့်သည် “တပ်မတော်ကို အပြည့်အဝထောက်ခံသည်။ တပ်မတော်အင်အားကို ချိုးနှိမ်မှုမှန်သမျှ လုံးဝလက်မခံ။မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော (facebook) ကို လုံးဝ ဆန့်ကျင်ရှုံ့ချသည်။ ဘက်လိုက်သော ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင်၏ တစ်ဖက်သတ် အစီရင်ခံစာကို တို့လုံးဝလက်မခံ။ ပြည်သူကိုချစ်သော ပြည်သူကချစ်သောတပ်မတော် အောင်မြင်ပါစေ။ တပ်မတော်စွမ်းမှတိုင်းပြည်အေးချမ်းမည်။ APHR ၏ အောက်လုံးအစီရင်ခံစာအလိုမရှိ လုံးဝအလိုမရှိ” ဟူသော စာသားများပါရှိသည့် ဗီနိုင်းဆိုင်းဘုတ်များကိုကိုင်ဆောင်ကာ တပ်မတော်ထောက်ခံပွဲကို နာရီဝက်အကြာခန့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
0 comments:
Post a Comment