Thursday, August 30, 2018

စွမ်းအားပြည့်ကာကွယ်ဖို့ ကမ္ဘာကြည့်ရှုမြင်ကြပါစို့

လူတိုင်းတွင် ဖြတ်သန်းလာခဲ့သော အတိတ်ကာလ အကြောင်းအရာများစွာ ရှိခဲ့ကြသည်။ ဖြတ်သန်းလာခဲ့သည့် ဘဝအတွေ့အကြုံများမှ အားနည်းချက်နှင့် အားသာချက်တို့ကို လက်ရှိပစ္စုပ္ပန်ကာလတွင် သင်ခန်းစာတစ်ရပ် ရယူပြီး မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ဆီသို့ လျှောက်လှမ်းနေကြသည်။ ရည်မှန်းချက်ရှိမှသာ ပန်းတိုင်ရှိမည်ဖြစ်သည်။

ရည်မှန်းချက် ပျောက်ဆုံးနေသူတို့တွင် ပန်းတိုင်ဟူသည် ရှိလိမ့်မည် မဟုတ်ချေ။ ထို့အတူ ပြည်သူပြည်သားတို့ မှီတင်းနေထိုင်ရာ နိုင်ငံတော်ဟူသည်လည်း ဖြတ်သန်းလာခဲ့သော သမိုင်းကြောင်းရှိသည်။ ကျွန်ုပ်တို့သည် အမိနိုင်ငံတော် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို ရည်မှန်းချက်ထားရာတွင် နိုင်ငံ၏ အတိတ်သမိုင်းကြောင်းများကို မေ့ထား၍မရသလို ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် အစဉ်ပြောင်းလဲ တိုးတက်နေသည့် ကမ္ဘာကြီးအား ရှုမြင်တတ်ဖို့တော့ အထူးလိုအပ်ပါလိမ့်မည်။

ကျွန်ုပ်တို့နိုင်ငံတော်၏ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် အဘယ်ကြောင့် သူ့ကျွန်ဘဝ ရောက်ရပါသနည်းဟု တစေ့တစောင်း တွေးကြည့်လျှင် ထွက်ပေါ်လာသည့် အဖြေအားလုံးကို အနှစ်ချုပ်ကြည့်လိုက်သော် အုပ်ချုပ်သူနှင့် ပြည်သူတို့ကမ္ဘာကြည့် ရှုမမြင်တတ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း အဖြေရလာပါလိမ့်မည်။

အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရား လက်ထက်တို့တွင် ခေတ်အခါ အပေါ် ကမ္ဘာကြည့်ရှုမြင်ခဲ့ကြပြီး ဦးစွာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို တည်ဆောက်သည်။ ထို့နောက် အင်အားတောင့်တင်းသည့် တပ်မတော် တည်ဆောက်နိုင်ခဲ့ကြသည်။ ထို့ကြောင့် အရှေ့အာရှတစ်လွှား မြန်မာတို့ဘုန်းတန်ခိုးမြင့်မားပြီး လက်ရုံးဆန့်နိုင်ခဲ့ကြသည်။

ကမ္ဘာကြည့်ရှုမြင်ရမည် ဆိုရာတွင်ဝယ် ကဗျာတစ်ပုဒ်ဖြစ်လျှင်ပြီးရော ဆိုသည့် သဘောဖြင့် ကာရန်အတင်းညှိလျှင်လည်း ကဗျာကောင်းတစ်ပုဒ် မဖြစ်နိုင်သကဲ့သို့ မိမိတို့ နိုင်ငံတော်ကိုလည်း အခြားသော နိုင်ငံများနှင့် ရင်ပေါင် တန်းနိုင်ရေး ကြိုးပမ်းရာတွင် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာ၊ ရေမြေအနေအထား စသည် တို့ကို ထည့်သွင်းစဉ်းစားဖို့တော့ လိုပါလိမ့်မည်။ ထပ်တူကူးချဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပါ။

ပထမကမ္ဘာစစ်ဖြစ်ပြီးနောက်ပိုင်း အချို့သောနိုင်ငံတို့သည် ဒီမိုကရေစီစနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့ရာ အောင်မြင်သော နိုင်ငံများရှိသလို ဒီမိုကရေစီလမ်းပေါ်မှ သွေဖည်သွားသည့် နိုင်ငံများကိုလည်း ယနေ့တိုင်တွေ့မြင် ရမည်ဖြစ်သည်။ ဒီမိုကရေစီ စနစ်ကို ကျင့်သုံး ရာတွင်လည်း ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည့် နိုင်ငံများရှိသလို တစည်းတလုံး တည်းသော တစ်ပါတီဒီမိုကရေစီ ကျင့်သုံးနေသည့် နိုင်ငံများလည်း ရှိသည်။

ဒီမိုကရေစီစနစ်အား လူကြိုက်များရသည့် အကြောင်းရင်းမှာ လူ့ဘောင်အဖွဲ့အစည်းတွင် ပွင့်လင်းမြင်သာမှုနှင့် လွတ်လပ်မှုဟူသော အချက်နှစ်ချက်ကြောင့်ဟု ယေဘုယျဆိုနိုင်သည်။ ပွင့်လင်းမှမြင်သာ၊ မြင်သာမှ ပြုပြင်၊ ပြုပြင်မှတိုးတက်ဟူသော စကားကို လက်ကိုင်ပြုထားခြင်းပင်ဖြစ်သည်။

မည်သို့သောစနစ်ကို ကျင့်သုံးသည်ဖြစ်စေ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတော် အစိုးရတစ်ခုတည်းတွင်သာ အဓိက တာဝန်ရှိသည်ဟု မထင်မှတ်ကြဘဲ ပြည်သူလူထုတစ်ရပ်လုံးကလည်း ကမ္ဘာကြည့်ရှုမြင် တတ်ဖို့တော့ လိုသည်။

ဖြတ်သန်းခဲ့သည့် အားနည်းချက်တို့ကိုသာ ထောက်ပြလျက် အပြစ်ဆိုနေရုံမျှဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် တည်ဆောက်လို့မရပါ။ အထက်တွင် ဆိုခဲ့သလို အားနည်းချက်တို့ကို သင်ခန်းစာအဖြစ်ရယူပြီး အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရမည်သာဖြစ်သည်။

ယနေ့ကမ္ဘာကြီးအား ၁၉၉၅ ခုနှစ်မှစ၍ စစ်အေးလွန်ကာလဟု ဆိုကြသည်။ သို့သော်လည်း နည်းပညာတစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နယ်ပယ်အသီးသီးတွင် စိန်ခေါ်မှု များသည်လည်း ဆင့်ကဲဆင့်ကဲမြင့်မားလျက်ရှိသည်။

နိုင်ငံတကာ နည်းပညာပြိုင်ဆိုင်မှုတို့သည်လည်း အရှိန်အဟုန် မြင့်မားလာနေသည်ကို ကျွန်ုပ်တို့အားလုံး ကမ္ဘာကြည့် ရှုမြင်တတ်ဖို့တော့ လိုလိမ့်မည်။ ကမ္ဘာ့နိုင်ငံ အသီးသီးတို့သည် နည်းပညာ အခြေပြု နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးတို့ကို အရှိန်အဟုန်မပြတ် ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော်အား ကာကွယ်စောင့်ရှောက်လျက်ရှိသော မိမိတို့၏ တပ်မတော်ကိုလည်း စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော်အဖြစ် အပြိုင်အဆိုင် တည်ဆောက်လျက်ရှိကြသည်ကိုလည်း တွေ့မြင်ရမည်သာဖြစ်သည်။

စင်စစ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီတပ်မတော် တည်ဆောက်ရေးသည် ဒွန်တွဲရမည်သာဖြစ်သည်။နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု တစ်ခုတည်းကို ဦးတည်နေလျှင်လည်း ဒေသတွင်း တည်ငြိမ်အေးချမ်းမှု လျော့နည်းစေသလို ခေတ်မီတပ်မတော် တည်ဆောက်ရေးကိုသာ ဦးတည်နေလျှင်လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှုစီးပွား နှောင့်နှေးနေမည်သာ ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီတပ်မတော် တည်ဆောက်ရေး ဟူသည် ဒွန်တွဲလုပ်ဆောင်ရမည်သာ ဖြစ်သည်။အိမ်ထောင်တစ်ခုကဲ့သို့ပင်။ သပ်ရပ်လှပပြီး ခေတ်မီသည့် အိမ်ကြီးတစ်လုံး တည်ဆောက် ထားစေကာမူ ခိုင်မာတောင့်တင်းသည့် ခြံစည်းရိုးမရှိလျှင် အိမ်သူအိမ်သားတို့ အတွက် လုံခြုံမှုမရှိခြင်းနှင့်အတူ သာယာပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘဝကို ရရှိနိုင်လိမ့်မည် မဟုတ်ပါ။

နိုင်ငံများစွာတို့၏ နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံဆက်ဆံရေးမူဝါဒ၊ ကာကွယ်ရေးဆိုင်ရာ မူဝါဒများ၊ နိုင်ငံလုံခြုံရေး၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး ကဏ္ဍအသီးသီးကိုပါ ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့သည်။

အကြမ်းဖက်မှုတွင် Non State Actor များ ပါဝင်ပြီး ကွန်ရက်သဖွယ် ချိတ်ဆက်ထားခြင်းကြောင့် တစ်နိုင်ငံချင်း သမားရိုးကျနည်းဖြင့် ဖြေရှင်း၍ မရနိုင်သည့်အတွက် ကမ္ဘာ့နိုင်ငံများ ပူးပေါင်း၍ ကာကွယ်တိုက်ဖျက်ရန် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်ကို ကိုယ်စားပြုသည့် မိမိတို့တပ်မတော်အား ကမ္ဘာ့နိုင်ငံများ နည်းတူ ခေတ်မီတပ်မတော် တည်ဆောက်ရာတွင် တပ်မတော်တစ်ရပ်တည်းဖြင့် စွမ်းဆောင်၍မရနိုင်ပါ။ နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့ကလည်း ကမ္ဘာကြည့်ရှုမြင်လျက် အနာဂတ်အရေး အစဉ်မြော်တွေးပြီး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်သာဖြစ်သည်။

0 comments:

Post a Comment