နေပြည်တော် သြဂုတ် ၃၁
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေးလုပ်ငန်း အဖွဲ့တို့၏ အစီအမံဖြင့် တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် အသေးစိတ် စိစစ်နုတ်ထွက်ခွင့်ပြုလျက်ရှိရာ ၇၅ ဦး စိစစ်တွေ့ရှိခဲ့ပြီး စိစစ်ဖော်ထုတ်ရရှိသော အရွယ်မရောက်သေးသူကလေးသူငယ်များအား ၎င်းတို့၏ မိဘများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ကျင်းပသည်။
အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် တပ်မတော် အရာရှိကြီးများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်ကြသော UNICEF ၊ UNHCR၊ ILO ၊ Save the children ၊ World Food Programme ၊ UNDP တို့မှ တာဝန်ရှိသူများ၊ ပြန်လည်နုတ်ထွက်ခွင့်ရ ကလေးသူငယ် ၇၅ ဦးနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြသည်။
ဦးစွာ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင် တွဲဖက်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တောက်ထွန်းနှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ ဌာနေ ကိုယ်စားလှယ်Mr. Knut Ostby တို့က အမှာစကားများ ပြောကြားကြသည်။
ထို့နောက် တပ်မတော်မှ နုတ်ထွက်ခွင့်ပြုသည့် လက်မှတ်နှင့် ၁ဝ နှစ်မှ ၁၈ နှစ်အကြား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး ကလေးများအား မိဘများနှင့် အုပ်ထိန်းသူများထံ လွှဲပြောင်း ပေးအပ် ခဲ့သည်။
အခမ်းအနားအပြီးတွင် ကလေးများနှင့်မိဘများကို မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ စီစဉ်သော ကြားကာလ ပြုစုစောင့်ရှောက်ရေး စခန်းသို့ တပ်မတော်မှ ပို့ဆောင်ပေးခဲ့ပြီး ထိုစခန်းတွင် မိဘများနှင့် အဆက်အသွယ် မရရှိသေးပါက ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး ဆေးဝါးကုသရန် လိုအပ်မှု ရှိ/မရှိ စစ်ဆေးပေး၍ လိုအပ်က ကုသမှုခံယူစေခြင်း၊ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါက ကျောင်းပြန်တက်ရန်၊ ကျောင်းပြင်ပ ပညာသင်ကြားရန်၊ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတသော အလုပ်အကိုင်ရရှိနိုင်ရန် လိုအပ်သည့် ကျွမ်းကျင်မှုများ သင်ယူရန် ဖြစ်နိုင်ခြေများ ဆန်းစစ်ခြင်းနှင့် လက်ငင်းအသုံးပြုရန် အခြေခံပစ္စည်းများ ဝေငှခြင်း၊ အိမ်အပြန် ခရီးစရိတ်နှင့် စားစရိတ်စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်သည်။
အလားတူ မိဘများထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများကို ရန်ကုန်မြို့၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းနှင့် မြဝတီစာပေတိုက်ခန်းမတို့၌ ၂ဝ၁၂ ခုနှစ်တွင် တစ်ကြိမ်၊၂ဝ၁၃ ခုနှစ်တွင်သုံးကြိမ်၊ ၂ဝ၁၄ ခုနှစ်တွင် လေးကြိမ်၊ ၂ဝ၁၅ ခုနှစ်တွင်သုံးကြိမ်၊ ၂ဝ၁၆ ခုနှစ်တွင်နှစ်ကြိမ်၊ ၂ဝ၁၇ ခုနှစ်တွင် တစ်ကြိမ်နှင့် ယခုအကြိမ် ၇၅ ဦးသည် ၂ဝ၁၈ ခုနှစ် တွင် ပထမအကြိမ်ဖြစ်ပြီး ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ၁၅ ကြိမ်ရှိခဲ့ရာ စုစုပေါင်း ၉၅၂ ဦး လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရန် ရည်ရွယ်ချက်ဖြင့် ၂ဝ၁၂ ခုနှစ်၊ ဇွန် ၂၇ ရက်တွင် ၁၈ လတာ လုပ်ငန်းစီမံချက်ကို UNCTFMR)နှင့် လက်မှတ်ရေးထိုး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစီမံချက် သက်တမ်းအား ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ပထမအကြိမ် ခြောက်လ၊ ၂ဝ၁၄ ခုနှစ်၊ ဇွန် ၂၈ ရက်တွင် ဒုတိယအကြိမ် ခြောက်လသက်တမ်း တိုးမြှင့် လုပ်ဆောင်ခဲ့သည်။
တပ်မတော်အနေဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား တပ်မတော်အတွင်း၌ လုံးဝမကျန်ရှိစေရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား လုံးဝစုဆောင်းခြင်း မပြုရန်နှင့် အကြောင်းအမျိုးမျိုးဖြင့် မှားယွင်း စုဆောင်းခဲ့သူများ ရှိပါကလည်း အမြန်ဆုံး ထွက်ခွင့်ပြုရန် စိစစ်ဆောင်ရွက်လျက် ရှိသည့်အပြင် တာဝန်ရှိသူများကိုလည်း စစ်စည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိရာ ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လအထိ တာဝန်ရှိသူအရာရှိ ၉၆ ဦးနှင့် စစ်သည် ၃၅၂ ဦးတို့အား စစ်စည်းကမ်းနှင့်အညီ အရေးယူခဲ့ကြောင်း သတင်း ရရှိသည်။
0 comments:
Post a Comment