Monday, May 6, 2019

မောင်တောမြို့၊ မင်းခမောင်းကျေးရွာအနီးရှိ အောင်တော်မူ စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူ ပူဇော်ပွဲပြုလုပ်


မောင်တောမြို့၊ မင်းခမောင်းကျေးရွာအနီးရှိ အောင်တော်မူ စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူ ပူဇော်ပွဲပြုလုပ်

နေပြည်တော် မေ ၆
 
 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မင်းခမောင်း ကျေးရွာအနီး တောင်ကုန်းအထက်၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အများပြည်သူများ ကောင်းမှုဖြင့် တည်ထားကိုးကွယ် ပူဇော်အပ်သော အောင်တော်မူ စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူ ပူဇော်ခြင်းကို မေ ၅ ရက်နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ ပြုလုပ်ရာ မောင်တောမြို့၊ အလိုတော်ပြည့် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမဏိသရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မောင်တောမြို့၊ အလိုတော်ပြည့် ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။ ယင်းနောက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများအား သံဃာတော်များထံ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် မောင်တောမြို့၊ အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော်ထံမှ ရေစက်ချအနုမောဒနာ တရားနာယူကြပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြကာ ရတနာစိန်ဖူးတော်အား စေတီအထွတ်တွင် တင်လှူပူဇော်ခဲ့ကြသည်။

ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မင်းခမောင်းကျေးရွာ သာသနာ့အလင်းရောင် ဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသအား ဖူးမြော်၍ ဆွမ်းဆန်တော်နှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်းတိုက်၌ မင်းခမောင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူ ၂ဝ၃ ဦးအား အရိုး/အကြောရောဂါ၊ သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ဒေသခံ တိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

0 comments:

Post a Comment