AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်နေသူများအား စစ်ဆေးဆောင်ရွက် လျက် ရှိစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ခိုက်လာခဲ့သောကြောင့် မလွှဲမရှောင်သာ ပတ်ခတ်ထိန်းသိမ်းလူစုခွဲခဲ့ရ
နေပြည်တော်၊ မေ - ၂
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ AA အကြမ်းဖက်သောင်း ကျန်းသူများနှင့် ပတ်သက်ဆက်နွယ်နေသည့် မသင်္ကာဖွယ်ရာအမျိုးသား ၂၇၅ ဦးအား ကျေးရွာစာသင်ကျောင်းတွင် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ခေတ္တထိန်းသိမ်းထားရှိပြီး တရားဥပဒေအရ အရေးယူနိုင်ရေးအရအတွက် လိုအပ်သည့် စစ်ဆေး မေးမြန်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း မေ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ပြီးဖြစ်သည်။
အဆိုပါခေတ္တထိန်းသိမ်းထားရှိသည့် မသင်္ကာဖွယ်ရာလူအုပ်သည် ယနေ့နံနက် ၂ နာရီခန့်တွင် ညာသံပေးအော်ဟစ်ပြီး ရန်လိုသောအပြုအမူများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၀ိုင်းဝန်းအကြမ်းဖက် တိုက်ခိုက်ရန် လုပ်ဆောင်လာခြင်းနှင့် အချို့မှာအရပ်မျက်နှာအသီးသီး အုပ်စုဖွဲ့ပြေးထွက်ခြင်း များဆောင်ရွက်လာခဲ့သည်။ လုံခြုံရေးကင်းအဖွဲ့များက အော်ဟစ်တားဆီး၍ သေနတ်အား မိုးပေါ်ထောင်ဖောက်ကာ သတိပေးပစ်ခတ်ခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ အန္တရာယ်ပေးမည့် အပြုအမူများဖြင့် ဆက်လက်ဝိုင်းဝန်းတိုက်ခိုက်ခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်များ လုယူရန်ကြိုးပမ်းလာခြင်းများကို ဆောင်ရွက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အသက်အန္တရာယ် နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုင်ဆောင်သည့် လက်နက်ခဲယမ်းများကို လုယူခြင်းမှကာကွယ်ခုခံရန် အတွက် လိုအပ်သည့်အင်အားကိုသာအသုံးပြု၍ ၎င်းအစုအဝေးအား မလွှဲမရှောင်သာပစ်ခတ် ထိန်းသိမ်းလူစုခွဲခြင်းများ ပြုလုပ်ခဲ့ရသည်။

ယင်းသို့ အခြေနေအား ပြန်လည်ထိန်းသိမ်းခဲ့ရသောကြောင့် မသင်္ကာဖွယ်ရာ အမျိုးသား၂၇၅ ဦးအနက် ၆ ဦးသေဆုံးခဲ့ပြီး ၈ ဦးဒဏ်ရာရရှိကာ ၄ ဦးပျောက်ဆုံးလျက်ရှိသည်။ ဒဏ်ရာရရှိသူများအား တပ်မတော်ဆေးအဖွဲ့များဖြင့် ရှေးဦးဆေးဝါးကုသမှုများဆောင်ရွက်ပေးကာ စေတီပြင်တိုက်နယ် ဆေးရုံမှတစ်ဆင့် စစ်တွေပြည်သူ့ ဆေးရုံသို့ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိပြီး နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအား ပေးစကားပြောကြားကာ လိုအပ်သည်များ ကူညီထောက် ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment