ရခိုင်ပြည် အနောက်တံခါးအရေး အမေရိကန်ဂျာနယ်လစ်တစ်ဦး ဖော်ထုတ်သည့် 'ဖုံးကွယ်ခံအမှန်တရားကို ဖော်ထုတ်ခြင်း' ဟောပြောပွဲအခမ်းအနား ကျင်းပ
(ရခိုင်အရေးအမှန်တရားကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဖော်ထုတ်သင့်ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဖွင့်ဟခဲ့)
နိုင်ငံတကာဖိအားများစွာ ရင်ဆိုင်နေရဆဲ ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံသား စာနယ်ဇင်းသမားတစ်ဦးက ဖွင့်ဟဖော်ထုတ်တဲ့ "အနောက်တံခါး၏ ဖုံးကွယ် ခံအမှန်တရားကို ဖော်ထုတ်ခြင်း" ဆွေးနွေးဟောပြောပွဲအခမ်းအနားကို ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေရှိ MICT Park အစည်းအဝေးခန်းမမှာ ၂ဝ၁၈ ခု၊ နိုဝင်ဘာလ ၇ ရက်၊ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။
ဒီဆွေးနွေးဟောပြောပွဲကို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက စီစဉ်ကျင်းပခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရခိုင်ပြည်နယ်ထဲ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာမှုတွေပြုလုပ်ခဲ့တဲ့ အမေရိကန်ဂျာနယ်လစ် မစ္စတာ ရစ်ခ် ဟိန့်ဇ်မန် (Rick Heizman) က ရခိုင်အရေး ဆွေးနွေး တင်ပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို နေ့လည် ၁ နာရီမှာစတင်ခဲ့ပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်မိတ်ဆက်စကား ပြောကြားခဲ့ရာမှာ မစ္စတာ ရစ်ခ် ဟိန့်ဇ်မန် ဟာ အမေရိကန်နိုင်ငံသားစစ်စစ်ဖြစ်ပြီး တိုင်းရင်းသားရိုးရာ ဂီတအနုပညာရှင်တစ်ဦးဖြစ်ကြောင်း၊ သူဟာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာဂီတအနုပညာတွေကို လေ့လာဖို့အတွက် ပြီးခဲ့တဲ့ ၁၉၈၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို ရောက်ရှိခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ကိုတော့ ၁၉၉၆ ခုနှစ်ကတည်းက ရောက်ရှိခဲ့ပြီး ရခိုင်လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုအနုပညာတွေကို လေ့လာရင်း ဘင်္ဂါလီ-ရ ခိုင်ပြဿနာတွေကို သိရှိတွေ့မြင်လာခဲ့ရကြောင်း၊ ဒီအတွက် ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အထင်အမြင်လွဲမှားမှု၊ သတင်းအမှားတွေကို ဖြေရှင်းတုံ့ပြန် နိုင်ရေးအတွက် မစ္စတာ ရစ်ခ် ဟိန့်ဇ်မန် အနေနဲ့ အနောက်တံခါး၏ ဖုံးကွယ်ခံအမှန်တရားကို ဖော်ထုတ်ခြင်းအခမ်းအနားမှာ ပါဝင်ဟောပြောခြင်းဖြစ်ကြောင်း မိတ်ဆက်ပြောကြားပါတယ်။
ဟောပြောပွဲအခမ်းအနားမှာ ရခိုင်လူမျိုးတွေရဲ့ ရိုးရာအစဉ်အလာ၊ ယဉ်ကျေးမှုနောက်ခံ၊ ဘာသာတရားကိုးကွယ်ကိုင်းရှိုင်းမှု သမိုင်းနောက်ခံတွေကို သူရှာဖွေလေ့လာ ထားသမျှ ဗီဒီယိုမှတ်တမ်း၊ သတင်းမှတ်တမ်းများနဲ့ မစ္စတာ ရစ်ခ် ဟိန့်ဇ်မန် က ဖော်ထုတ်တင်ပြခဲ့သလို ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရပြီးနောက် ဒေသခံရခိုင်ပြည်သူတွေရဲ့ အကြောက်တရားနဲ့ ဒုက္ခတွေကိုလည်း မိမိရရ မှတ်တမ်းတင် ဖော်ထုတ်ထားတာ တွေ့ရပါတယ်။
ဒါ့အပြင် ၂ဝ၁၆ ခု၊ အောက်တိုဘာ ၉ ရက်၊ မောင်တောနယ်ခြားစောင့်တပ်စခန်းတွေ ဝင်စီးခံခဲ့ရခြင်းနဲ့ ၂ဝ၁၇ ခု၊ အောက်တိုဘာ ၂၅ ရက်၊ ရခိုင်ပြည်မြောက်ပိုင်းက တပ်စခန်းပေါင်း ၃ဝ ကျော် အကြမ်းဖက်ခံခဲ့ရမှုများနဲ့ပတ်သက်ပြီး ရခိုင်ပြည်သူတွေနစ်နာခဲ့ရမှုအကြောင်းတွေကိုလည်း မစ္စတာ ရစ်ခ် ဟိန့်ဇ်မန် က အင်တာဗျူးတွေ၊ သက်သေမှတ်တမ်းတွေနဲ့ ဖော်ထုတ်ခဲ့ပြီး ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု ဗီဒီယိုဖိုင်တွေလည်း စုဆောင်းတင်ပြခဲ့ပါတယ်။
အခမ်းအနားမှာ ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက ဖြည့်စွက်ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကတော့ ရခိုင်-ဘင်္ဂါလီအရေးဟာ ရခိုင်တိုင်းရင်းသားတွေနဲ့တင်သက်ဆိုင်တာမဟုတ်ဘဲ မြန်မာနိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့အရေး ကိစ္စတစ်ခုဖြစ်ကြောင်း၊ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ပတ်သက်လာရင် အမှန်ကို အမှန်တိုင်း ပြောရဲဆိုရဲရမှာဖြစ်ကြောင်းနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်ပြဿနာနဲ့ပတ်သက်လို့ ကမ္ဘာကြီးက အမှန်တိုင်းသိရှိလာဖို့အရေး ဖုံးကွယ်နေတဲ့ အမှန်တရားကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဖော်ထုတ်သွားဖို့လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
ဒီနေသစ် (ရိုးရာလေး)




0 comments:
Post a Comment